ကြာသပတေး၊ မေလ ၂၃ရက်၊ ၂၀၂၄

စစ်ကောင်စီက လမ်းပိတ်ထား၍ ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် ဆန် လုံးဝပြတ်လပ်နေပြီဟုဆို


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၂၉ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.8k

(မြို့နယ်တွင်းရှိကျေးရွာများတွင်လည်း ပြတ်လပ်စပြုနေပြီ)

စစ်ကောင်စီက လမ်းပိတ်ထား၍ ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် ဆန်ရိက္ခာများ လုံးဝပြတ်လပ်နေပြီဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် မောင်တောမြို့ပေါ်၌ ဆန်တစ်အိတ်လျှင် ဆန်အမျိုးအစားအလိုက် ငွေကျပ် ၁ သိန်း ၈ သောင်းမှ ကျပ် ၂ သိန်း ၄ သောင်းအထိ စျေးပေါက်နေသော်လည်း ဆန်ဆိုင်များတွင် ပစ္စည်းပြတ်လပ်နေပြီဟုဆိုကာ ဝယ်ယူမရတော့ကြောင်း မြို့ခံတစ်ဦးက နိရဥ္စရာကိုပြောသည်။

"မောင်တောဒေသခံတွေအတွက် တော်တော်လေးစိုးရိမ်စရာဖြစ်နေပြီ။ ဘာလို့လဲဆိုတော့ ဝယ်လို့မရဘူးဆိုတော့၊ လုံးဝမရှိဘူးဆိုတော့ ဘယ်လိုစားမလဲ။ အငတ်နေရတော့မယ်"ဟု ပြောသည်။

အထူးသဖြင့် တစ်နေ့စာတစ်နေ့ရှာစားနေရသည့် လက်လုပ်လက်စားပြည်သူများတွင် ဆန်ကိုအိတ် လိုက်ဝယ်မစားနိုင်ကြသည့်အတွက် ငတ်ပြတ်နေသူများပင် ရှိနေနိုင်သည်ဟုလည်း သူက ဆိုသည်။

တစ်ဘက်တွင်လည်း မောင်တောမြို့ပေါ်ရှိ ဆန်ဆိုင်များနှင့် ဆန်ကုန်သည်များသည် တကျော့ပြန် တိုက်ပွဲမဖြစ်ပွားမီက ဆန်တစ်အိတ်လျှင် ပျဥ်းမျှ ကျပ် ၇ သောင်းခွဲမှ ကျပ် ၉ သောင်းခန့် စျေးဖြင့်ကြိုတင်ဝယ်ယူစုဆောင်းထားခဲ့သည်များကို ယခု ပြည်သူများဒုက္ခရောက်နေချိန်တွင် စျေးနှုန်းများ မတရားမြှင့်တင်ရောင်းချနေကြခြင်းဖြစ်ပြီး အချို့ဆိုလျှင် ဆန်များကို ထုတ်မရောင်းသေးသူများ ပင်ရှိသည်ဟု မြို့ပေါ်မှ အရပ်လူကြီးတစ်ဦးက ပြောသည်။

"အစိုးရ ဌာနဆိုင်ရာတွေက နည်းနည်း ဝိုင်းပြီး ထိန်းမယ်ဆိုရင်တော့ ကုန်စျေးနှုန်းက ဒီလောက်တက်မှာ မဟုတ်ဘူး။ ဒါက သူတို့က စျေးအများနဲ့ ဝယ်ရတာမဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အရင်ယူထားပြီးသားဟာတွေ၊ ၇ သောင်းခွဲနဲ့၊ ၈ သောင်းနဲ့ ၉ သောင်းနဲ့ယူထားတဲ့ဟာတွေကို အခုက စျေးတင်ထားတော့ သိပ်မတရားဘူး"ဟု ပြောသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲများ စတင်ဖြစ်ပွားသည့် နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ စစ်ကောင်စီက တစ်ပြည်လုံးအနှံ့ရှိ ကုန်းလမ်းနှင့် ရေလမ်းတို့ကို တင်းတင်းကျပ်ကျပ်ပိတ်ပင်ထားခြင်းဖြစ်သည်။

ထိုသို့ပိတ်ထား၍ ရခိုင်တစ်ပြည်လုံး ကုန်စည်စီးဆင်းမှုရပ်တန့်နေပြီး ရခိုင်ပြည်သူများတွင် စားနပ်ရိက္ခာများ ပြတ်တောက်လာခြင်းဖြစ်သည်။

အလားတူ မောင်တောမြို့နယ်တွင်းရှိ ကျေးရွာများတွင်လည်း ဆန်အပါအဝင် အခြေခံ စားသောက်ကုန်များ ပြတ်လပ်စပြုလာပြီဖြစ်ပြီး လက်ရှိတွင် ဝေမျှစားသောက်နေရသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီက ကုန်စည်စီးဆင်းမှုများကို ယခုထက် အချိန် ပိုမို ကြာအောင် ပိတ်ထားပါက ဒေသခံများသည် စားနပ်ရိက္ခာများ ငတ်ပြတ်လာတော့မည်ဟုလည်း မောင်တောမြို့နယ်မြောက်ပိုင်းရှိ အထက်ပြူးမကျေးရွာသားတစ်ဦးက နိရဥ္စရာကိုပြောသည်။

"ဒီထက်ပို ပိတ်လာရင်တော့ အားလုံးငတ်ရင် ငတ်ရတော့မှာပဲ။ ဘယ်လိုလုပ်မလဲ။ ကိုယ်တို့လုပ်လို့ရတဲ့အလုပ်မှ မဟုတ်တာ။ အခုကတော့ မရှိ၊ ရှိတာဝေစား။ အဲလိုပေါ့"ဟု ပြောသည်။

ယင်းအပြင် မောင်တောမြို့အပါအဝင် မြို့နယ်တွင်းတွင် အခြေခံစားသောက်ကုန်များသည်လည်း အဆမတန်စျေးမြင့်တက်နေပြီး စျေးတင်ရောင်းသည့်ဆိုင်သည်များကို စစ်ကောင်စီ ဌာနဆိုင်ရာသော်လည်းကောင်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) ကသော်လည်းကောင်း ထိထိရောက်ရောက် တားမြစ်ပိတ်ပင် ပေးစေလိုသည်ဟုလည်း ဒေသခံများက တောင်းဆိုနေကြသည်။

မောင်တောဒေသခံတစ်ဦးက "ဒီလိုမျိုး စျေးအဆမတန်ရောင်းသူတွေကို စစ်ကောင်စီဖြစ်ဖြစ်၊ ULA ဖြစ်ဖြစ် အရေးပေးဖို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်"ဟု ပြောသည်။

ရခိုင်တွင် ယခုတကျော့တိုက်ပွဲများပြန်ဖြစ်ပြီးနောက် စားနပ်ရိက္ခာများကို နိုဝင်ဘာ ၁၀ ရက်က ရောင်းချခဲ့သည့်စျေးနှုန်းအတိုင်းသာရောင်းချရန်နှင့် စျေးအဆမတန်ရောင်းချသူများအား ထိရောက်စွာအရေးယူသွားမည်ဟု ULA/AA က နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။

သို့သော် ယနေ့ နိုဝင်ဘာ ၂၉ ရက်အထိ အရေးယူခြင်းမျိုး မတွေ့ရသေးဟုလည်း ဒေသခံများက ပြောဆိုကြသည်။ (NN-16)

ပုံစာ- မောင်တောမြို့စည်ပင်သာယာစျေးကြီး

ဆက်စပ် သတင်းများ