ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းရေး တရုတ်က ကြားဝင်ဆောင်ရွက်မှုကို ထောက်ခံကြောင်း FPNCC ထုတ်ပြန်

FPNCC လုပ်ငန်းအစည်းအဝေးကို “ဝ”ပြည်နယ်၊ ပန်ခမ်းမြို့တွင် ယခု မတ်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ နှစ်ရက်တာကျင်းပခဲ့ပြီးနောက် ထိုသို့ထုတ်ပြန်လာခြင်းဖြစ်သည်။

By Admin 16 Mar 2023

 ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက FPNCC အဖွဲ့ဝင်များ တွေ့ဆုံခဲ့စဉ်။ (Photo  – The Kokang)
၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက FPNCC အဖွဲ့ဝင်များ တွေ့ဆုံခဲ့စဉ်။ (Photo – The Kokang)

DMG ၊ မတ် ၁၆

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခများ ပြေလည်ချုပ်ငြိမ်းသွားရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံကြောင်း ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)က ယနေ့ မတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

FPNCC လုပ်ငန်းအစည်းအဝေးကို “ဝ”ပြည်နယ်၊ ပန်ခမ်းမြို့တွင် ယခု မတ်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ နှစ်ရက်တာကျင်းပခဲ့ပြီးနောက် ထိုသို့ထုတ်ပြန်လာခြင်းဖြစ်သည်။

FPNCC လုပ်ငန်းအစည်းအဝေးကို အဖွဲ့ဝင်များဖြစ်သော “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့်မျှတမှုအတွက်အမျိုးသားပါတီ-ကိုးကန့်-(MNDAA)၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်မတော် မိုင်းလား (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကချင်ပြည်လွတ်မြောက်ရေး တပ်မတော် (KIA)နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (TNLA)၊ ရက္ခိုင့်တပ်တော်(AA)တို့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း FPNCC အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်း(Deng Xijun)တို့ တွေ့ဆုံခဲ့ပြီးနောက် ယခုအခါတွင် FPNCC အဖွဲ့ဝင် အချင်းအချင်း တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

FPNCC အစည်းအဝေးတွင် အဖွဲ့ဝင်အချင်းချင်းကြား တချို့သောလုပ်ဆောင်ချက်များကို တင်ပြခြင်း၊ ဖလှယ်ခြင်းနှင့် ဆွေးနွေးခြင်းများကိုပြုလုပ်ခဲ့ပြီး အဖွဲ့အစည်းများကြား နားလည်မှု၊ ယုံကြည်မှု၊ ပူးပေါင်းမှုနှင့် ရင်းနှီးမှုများကို တိုးမြှင့်နိုင်ခဲ့ကြသည် ထုတ်ပြန်ထားသည်။

ယင်းအပြင် မြန်မာ့ပြည်တွင်းရေးနှင့်ပတ်သက်၍ မိမိတို့နယ်စပ်ဒေသရှိ လူနည်းစုတိုင်းရင်းသားလူမျိုးများ အနေဖြင့် ဗမာပြည်မနှင့် အလုံးစုံငြိမ်းချမ်းရေး တည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတရပ်ကို တည်ထောင်ကြရမည်ဟု ယူဆပါသည်။ ၎င်းအယူအဆကို အကောင်အထည်ဖော်ရန် နည်းလမ်းမျိုးစုံရှိနေသော်လည်း နောက်ဆုံးတွင် မိမိတို့ လူနည်းစုတိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစ များကိုသာ အားကိုးရမည်ဖြစ်ကြောင်း ဆိုထားသည်။

ယင်းအပြင် အဖွဲ့အသီးသီးမှ ၂၀၂၁ နောက်ပိုင်း တိုးမြင့်ဖြစ်ပေါ်လာသော ပြည်တွင်းပဋိပက္ခများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်က ဖြစ်ပွားခဲ့သော ပြည်တွင်း၊ ပြည်ပရေးရာများကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး အဖွဲ့တစ်ဖွဲ့ချင်းစီ၏ အဖွဲ့အစည်းအတွင်း တည်ဆောက်မှုအခြေအနေများ၊ မိမိတို့အဖွဲ့အစည်းတိုင်းက အလေးထားကြသော အကြောင်းကိစ္စရပ်များအပေါ် ပွင့်ပွင့်လင်းလင်း မှတ်ချက်ပေးဆွေးနွေးနိုင်ခဲ့ကြသည်ဟု FPNCC ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)ကို ၂၀၁၇ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် “ဝ”ပြည် ပန်ဆန်းတွင် ဖွဲ့စည်းခဲ့ပြီး မဟာမိတ်တို့အကြား ခိုင်မာသောဆက်ဆံရေးတို့ ရှိနေကြသည်။ FPNCC သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားခြင်း မရှိဘဲ NCA မဟုတ်သော အခြားနိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးရန် မူဝါဒချမှတ်ထားသည်။

#E003

ဗီဒီယိုများ