တိုက်ပွဲသတင်း

လိုင်ဇာမြို့ကို ခြိမ်းခြောက်တဲ့ ဘွမ့်ရေဘွမ့်တပ်ခန်ကို  KIA ထပ်မံ သိမ်းပိုက်

KIO လိုင်ဇာ ဗဟိုဌာနချုပ်အနီးရှိ စစ်ကောင်စီတပ်ရဲ့ ဘွမ့်ရေဘွမ့် (Bumre Bum) တပ်စခန်းအကြီးကို မတ်လ ၁၅ ရက်နေ့ ဒီကနေ့ မွန်းလွဲပိုင်း ၁ နာရီလောက်မှာ KIA က အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။

တိုက်ပွဲစတင်ပြီး တစ်ပတ်ကျော်အကြာမှာ ဘွမ့်ရေဘွမ့် (Bumre Bum) စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းယူလိုက်ပြီလို့ KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို အတည်ပြု ပြောဆိုပါတယ်။

၁ နာရီနဲ့ ၂ နာရီကြားမှာ သိမ်းပိုက်လိုက်နိုင်ပြီ။ မတ်လ ၇ ရက်နေ့ကစတိုက်တာ ဒီကနေ့မှ ၁၀ ရက်ကျော်မှ သိမ်းနိုင်ခဲ့တာဖြစ်တယ်။ ကျန်တဲ့ တပ်တွင်းသိမ်းဆည်းနိုင်တာတွေက တိတိကျကျမသိရသေးဘူး” လို့ပြောပါတယ်။

ဘွမ့်ရေဘွမ့်တပ်စခန်းဟာ စစ်ဆင်ရေးနဲ့ ကွပ်ကဲမှုဌာနချုပ် စကခ ၂၁ ဗျူဟာမှူးကိုယ်တိုင် တပ်ထိုင်ထားတဲ့ တပ်စခန်းဖြစ်သလို အဲဒီတပ်စခန်းကနေ လိုင်ဇာဌာနချုပ်ကို လက်နက်ကြီး ပစ်ခတ်ပြီး ခြိမ်းခြောက်နေတဲ့ တပ်စခန်းအကြီးဖြစ်တယ်လို့ သိရပါတယ်။

ဘွမ့်ရေဘွမ့်ဟာ KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ ခယာဘွမ့်နဲ့ တစ်ဆက်ထဲတည်ရှိပြီး KIO လိုင်ဇာဌာနချုပ်ကို ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီတပ်စခန်းတွေထဲကနေ အကြီးဆုံးတပ်စခန်းတစ်ခုဖြစ်ပါတယ်။

ဘွမ်ရေဘွမ့် တပ်စခန်း သိမ်းပိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားတစ်ချို့က နားလုံး၊ ခယာတစ်ကြောဘက်ကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ထွက်ပြေးလွတ်မြောက်သွားကြတဲ့ စစ်ကောင်စီတပ်သားတွေကို KIA ဆက်လက်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲ ဖြစ်နေဆဲဖြစ်ကြောင်း KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပြပါတယ်။

မတ်လ ၇ ရက်နေ့က စတင်ပြီး KIA ပူးပေါင်းတပ်တွေက KIO လိုင်ဇာအနီးတဝိုက်မှာရှိတဲ့ ခယာဘွမ့်၊ ဖွန်းပရန်ဘွမ့်၊ အင်တပ်ဘွမ့်၊ ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းနဲ့ ဒါဆိုင်း စတဲ့ စစ်တပ်စခန်းအကြီးတွေကို တိုက်ခိုက်သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။

စစ်တပ်ဘက်ကတော့ အရေးပါတဲ့တပ်စခန်းတွေကို လက်လွတ်လိုက်ရတာကြောင့် လိုင်ဇာမြို့တစ်ဝိုက်ကို လေယာဉ်နဲ့ ပုံမှန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဗိုလ်မှူးကြီး ဦးနော်ဘူက အခုလို ဆက်ပြောပါတယ်။

တိုက်ပွဲတွေက ငြိမ်သက်သွားတာမရှိသေးတဲ့အတွက် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေက ရှိနေသေးတယ်။ ဒါကြောင့် တပ်စခန်းတွေကို သိမ်းပိုက်ထားပြီဖြစ်ပေမယ့် လုံခြုံးရေးအတွက်က စိုးရိမ်နေရသေးတယ် လို့ ပြောပါတယ်။

မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ် မှာရှိတဲ့ ဒေါ့ဖုန်းယန်နဲ့ KIO လိုင်ဇာအနီးမှာ နှစ်ရှည်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း အကြီးအငယ် ၂၀ ကျော်လောက်ကို KIA က တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button