Preview

ရက္ခိုင့်တပ်တော် စစ်ရေးအရအောင်မြင်မှုရရှိနေသည့်အပေါ် KNU ထောက်ခံကြိုဆို

ဖေဖော်ဝါရီ ၀၂/ ၂၀၂၄ | ကြည့်ရှုသူ :2939
ရခိုင် သတင်း

ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော် (AA) မှ စစ်ကောင်စီစခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ပြီးစစ်ရေးအရ အောင်မြင်မှု ရရှိနေခြင်းအပေါ်  ဝမ်းသာအားရပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ထောက်ခံကြိုဆိုကြောင်း  KNU ပြောရေးဆိုခွင့်ရှိသူ  ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောကလယ်စေး မှ နိရဉ္စရာသတင်းဌာနသို့ပြောသည်။

“ရခိုင်ဘက်အခြမ်းမှာအေအေက စစ်ကောင်စီစခန်းတွေ သိမ်းပိုက်တဲ့အပေါ်မှာကျွန်တော်တို့ဘက်က အင်မတန်မှဝမ်းသာပြီး ထောက်ခံကြိုဆိုပါတယ်။ ဒါက အမျိုးသားတန်းတူအခွင့်အရေးရရှိဖို့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုဖြစ်သလို ကျွန်တော်တို့တစ်နိုင်ငံလုံးရဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေး စစ်ဘက်ဆိုင်ရာ မဟာဗျူဟာကို တပြိုင်နက်ထဲအကောင်အထည်ဖော် ဆောင်ရွက်တာလို့မြင်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် အဘက်ဘက်ကရှုံးနိမ့်နေသော်လည်း စစ်ရေးအရ အနိုင်ရရန် မည်သည့် နည်းလမ်းဖြင့်မဆိုမတရားသည့်လုပ်ရပ်များနှင့်ဆောင်ရွက်လာနိုင်သဖြင့် အားလုံးသော လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသတိထားလုပ်ဆောင်ရန် လိုအပ်ကြောင်း  ၎င်းက သုံးသပ်သည်။

“ရခိုင်အမျိုးသားတွေအတွက် ကျွန်တော့်အနေနဲ့ပြောချင်တာက ရခိုင်လူမျိုးတွေရဲ့  သမိုင်းကြောင်းကတော့ ကြီးမားပါတယ်။ နိုင်ငံရေးသမိုင်းကလည်းကြီးမားတယ်။ ဂုဏ်သိက္ခာနဲ့ သမိုင်းကြောင်းကိုတော့ ရခိုင်လူမျိုးတွေက ပြောစရာမလိုဘူး။ စစ်အာဏာရှင်ကို အမြစ်ပြုတ်တဲ့အထိဒီဘက်က တော်လှန်ရေးအဖွဲ့တွေနဲ့လည်း လက်တွဲ တိုက်ပွဲဝင်ဖို့ကိုလည်းအားပေးတိုက်တွန်းချင်ပါတယ်”ဟု ပဒိုစောကလယ်စေး မှပြောသည်။

စစ်ကောင်စီမှ လေယာဉ်များဖြင့် ဗုံးကြဲမှု၊ စစ်ရေယာဉ်များဖြင့်ပစ်ခတ်မှု၊မြေပြင်တပ်များက လက်နက်ကြီးကျည်များဖြင့် အဆက်မပြတ် ပစ်ခတ်သည့် လုပ်ရပ်များကြောင့် ရခိုင်မှ ပေါက်တော၊ မင်းပြား၊ ရမ်းဗြဲ၊ မြောက်ဦး အပါအဝင် မြို့နယ်အများအပြားတွင်နေအိမ်များမီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံပြည်သူ သုံးသိန်းနီးပါးလည်း  နေရပ်စွန့်ခွာတိမ်းရှောင်နေရကာ စစ်ဘေးရှောင်အဖြစ်သို့ရောက်ရှိနေကြကြောင်း သိ၇သည်။

ထိုသို့ စစ်ကောင်စီက လုပ်ဆောင်နေသည်မှာ ကြွက်မနိုင် ကျီမီးရှို့ ၊ မစား၇အမဲသဲနှင့်ပက်ဆိုသည့်ပုံစံဖြင့်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၎င်းက ဆက်လက်ပြောဆိုသည်။

“စစ်ကောင်စီဖက်က အဘက်ဘက်ကကျဆုံးနေတဲ့ အချိန်မှာ လုပ်လာနိုင်တာတွေကို ကြိုတင် ခန့်မှန်းဖို့ကတော့ခက်တယ်။ ဒါပေမယ့်ကျွန်တော်တို့ရဲ့နှစ်ပေါင်း ၇၀ ကျော်အတွေ့အကြုံအရဆိုရင် စစ်အာဏာရှင်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို အခြေခံပြီးစဉ်းစားရင် နောက်ဆုံး အရပ်စကားနဲ့ပြောမယ်ဆိုရင် ကြွက်မနိုင် ကျီမီးရှို့ ဆိုတဲ့ပုံစံနဲ့ မစားရတဲ့အမဲ သဲနဲ့ပက်ဆိုတဲ့ပုံစံနဲ့ လုပ်တာတွေကိုတွေ့မြင်နိုင်ပါတယ်။တစ်ဘက်ကလည်းပဲ ပြည်တွင်းနိုင်ငံရေး အရအာဏာပြန်ရဖို့ဆိုရင် ဘယ်နည်းနဲ့မဆို မတရားတဲ့လုပ်ရပ်တွေနဲ့ဆောင်ရွက်လာတာကိုမြင်တွေ့ရမှာဖြစ်တဲ့အတွက် အားလုံး သတိကြီးကြီးထားပြီးဆောက်ရွက်ဖို့လိုပါတယ်” ဟု ပဒိုစောကလယ်စေး မှပြောသည်။

ရက္ခိုင့်တပ်တော် ( AA)၏ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရခိုင်ကမြို့ကြီး သုံးမြို့ဖြစ်ကြသည့် ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားတို့မှ စစ်ကောင်စီတပ်ရင်းများအားလုံးကို မကြာမှီ အပြီးသတ် သိမ်းပိုက်၇ယူနိုင်မည်ဟု မိမိတို့အနေဖြင့် အပြည့်အ၀ယုံကြည်ထားကြောင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။ ( NN-20)

ပုံစာ- စစ်ကောင်စီစခန်းများမှ ရက္ခိုင့်တပ်တော် ( AA)သိမ်းဆည်း ရမိထားသော လက်နက် တချို့အား တွေ့၇စဉ်

#ရက္ခိုင့်တပ်တော်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.