စနေ၊ မေလ ၂၅ရက်၊ ၂၀၂၄

ရခိုင်တွင် မှတ်ပုံတင်ခွင့်ရရှိထားသည့် ပါတီ ၅ ခု အချက်အလက်အချို့ ကွဲလွဲနေ၍ UEC ထံ ပြန်လည်ပြင်ဆင်ပေးပို့ရန်စီစဉ်နေရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၃ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.5k

ရခိုင်ပြည်နယ်တွင် မှတ်ပုံတင်ခွင့်ရရှိထားသည့် ပါတီ ၅ ခု၌ အချက်အလက်အချို့ ကွဲလွဲမှုရှိနေ၍ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ပြန်လည်ပြင်ဆင်ပြီး ပေးပို့ရန်စီစဉ်နေကြရကြောင်းသိရသည်။

ရခိုင်မှ မှတ်ပုံတင်ခွင့်ရရှိထားသည့် ပါတီများမှာ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ မြိုတိုင်းရင်းသားပါတီ (MNP)၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(MNDP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ(RSNUP)တို့ဖြစ်သည်။

အဆိုပါပါတီ ၅ ခု၏ ပါတီဝင်များ၏ အမည်၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာတို့မှာ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့စဉ်ကနှင့် ယခုလက်ရှိ အခြေအနေမှာ ကွဲလွဲမှုများဖြစ်ပေါ်နေ၍ အချက်အလက် အမှန်များအဖြစ်  ပြန်လည်ပြင်ဆင်ကာ အောက်တိုဘာ ၃၀ ရက်နောက်ဆုံးထားပြီး UEC ထံ ပြန်လည်ပေးပို့ရန် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားကြောင်း ပါတီတာဝန်ရှိသူများက နိရဉ္စရာကို ပြောကြသည်။

မြိုတိုင်းရင်းသားပါတီဥက္ကဋ္ဌ ဦးအေးထွန်းက "မှတ်ပုံတင်နံပါတ်ကွဲလွဲတာတွေ၊ နေရပ်လိပ်စာ ကွဲလွဲတာတွေ လျော့သွားတယ်။ ထောင့်ငါးရာကျော် တင်ထားတာမှာ လေးရာကျော်ရှိတယ်။ အဲ့ဒါတွေ ခုပြန်ပြင်မယ်"ဟု နိရဉ္စရာကိုပြောသည်။

အဆိုပါပါတီများတွင် မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့စဉ်က ပါရှိသွားသည့် ပါတီဝင်များ၏ နေရပ်လိပ်စာအချို့မှာ လက်ရှိတွင် လိပ်စာပြောင်းရွှေ့သွားကြခြင်းကြောင့် လိပ်စာလွဲမှားနေခြင်းတို့ ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု သိရသည်။

ယင်းသို့ လွဲမှားနေမှုများကို ပြန်လည်ပြင်ဆင်ပေးပို့ကြရန် ပါတီတာဝန်ရှိသူများကို ရခိုင်ပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးသူရိန်ထွဋ်က ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်တွင် စစ်တွေရှိ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးသို့ခေါ်ယူအသိပေးခဲ့သည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးသူရိန်ထွဋ်ကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း မည်သည့်မီဒီယာကိုမျှ အင်တာဗျူးမဖြေဟု ပြောဆိုသည်။

စစ်ကောင်စီ လက်အောက်ခံ UEC က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်နှင့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း နည်းဥပဒေသစ်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ပြီး ဥပဒေသစ်အရ ပါတီမှတ်ပုံတင်လျှောက်ထားရန် နိုင်ငံရေးပါတီများကို ဖိတ်ခေါ်ခဲ့သည်။

ယင်းနောက် ရခိုင်မှ အထက်ပါပါတီ ၅ ခုနှင့် ဦးသာထွန်းလှဦးဆောင်သော ရခိုင်အမျိုးသားပါတီ(ANP)၊ စုစုပေါင်း ပါတီ ၆ ခုသည် UEC ထံ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ကြသည်ဟု သိရသည်။

အဆိုပါပါတီများအနက် မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(MNDP)ကို ဇူလိုင်လ ၃ ရက် တွင်လည်းကောင်း၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို မေလ ၅ ရက်တွင်လည်းကောင်း၊ မြိုတိုင်းရင်းသားပါတီ(MNP)ကို မေလ ၄ ရက်တွင်လည်းကောင်း၊  ရခိုင့်ဦးဆောင်ပါတီ(AFP)နှင့် ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ(RSNUP)ကို မေလ ၂ ရက်တွင်လည်းကောင်း UEC က မှတ်ပုံတင်ခွင့်ပြုထားပြီဖြစ်သည်။

ရခိုင်မှ မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ကြသည့်ပါတီ ၆ ခုအနက် ANP ပါတီတစ်ခုတည်းကိုသာ UEC က မှတ်ပုံခွင့် ချမပေးသေးဟု သိရသည်။ (NN-11)

ဆက်စပ် သတင်းများ