သတင်း

ကျေးဇူးတော်ချီးမွမ်းပွဲမှာ ဖမ်းဆီးခံရတဲ့ မရန်ကထောင် ဒေသခံ ၅ ယောက်ပြန်လည်လွတ်မြောက်

မိုးကောင်းမြို့နယ် လွယ်လီယာန်အုပ်စု မရန်ကထောင်ကျေးရွာမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရွာလူကြီး အမျိုးသား ၅ ယောက်ပြန်လည်လွတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လွတ်မြောက်လာတဲ့ အမျိုးသား ၅ ယောက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ စွပ်စွဲပြောဆိုပြီး မရန်ကထောင် ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းကနေ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ ၅ ယောက်ကို စစ်ကောင်စီတပ်က မျက်နှာဖုံးစွပ်ထားပြီး နောက်ပြန်ကြိုးတုတ်ကာ PDF နဲ့ ဆက်စပ်မှုရှိ မရှိ ၂ ရက်အကြာ ရိုက်နက်မေးမြန်းမှုတွေပြုလုပ်ခဲ့ပြီး ၄ ရက်နေ့အကြာ နိုဝင်ဘာလ ၂၈ ရက်နေ့မှ ပြန်လည်လွတ်မြောက်လာတာ ဖြစ်တယ်လို့ လွတ်မြောက်လာတဲ့ တစ်ဦးက KNG ကိုအခုလိုပြောပါတယ်။

“သေလောက်တဲ့အထိ ရိုက်နက်ခံလိုက်ရတယ်။ မျက်နှာလည်းပိတ်ထားတယ်။ ခြေထောက်နဲ့လက်လည်း ကြိုးနဲ့တုတ်ထားတယ်။ ပြီးတော့တုတ်နဲ့ မပြောမချင်းရိုက်တယ် အဲ့လိုလုပ်တာက ၂ ရက်နဲ့ ၂ ညက နှိပ်စက်ခံရတယ်။ အခုထိ အသက်ရှုကြပ်သလိုဖြစ်နေသေးတယ်။ လက်ကြောတွေလည်း အခုထိထုန်နေတုန်း”လို့ပြောပြပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့နေ့တွင်းချင်း နမ္မတီးနဲ့ မိုးကောင်းမြို့အဝင်ကြားမှာရှိတဲ့ မိုးကောင်းစစ်တပ်ကုန်းနေရာကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်နက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် မရန်ကထောင်ကျေးရွာက ဘာသာရေးဆရာတစ်ချို့ သွားရောက်ပြောဆိုမှုကြောင့် ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ခုလို မရန်ကထောင်ရွာလူကြီး ၅ ယောက်လွတ်မြောက်လာပေမယ့် စစ်ကောင်စီဘက်ကနေ ခြိမ်းခြောက်ပြောဆိုတာတွေနေတာကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေရတယ်လို့ သူက ဆက်လက်ပြောပြပါတယ်။

“လွတ်လာပေမယ့် သူတို့ဘက်ကနေ ပြန်ပြီးခြိမ်းနေတယ်။ အခုဖမ်းခံရတဲ့ ၅ ယောက်ကို နေ့တိုင်းသတင်းပို့ရမယ်တဲ့။ ပြီးရင် ရွာကနေ ထွက်ပြေးသွားတဲ့ သူတွေကို ရအောင်ပြန်စည်းရုံးရမယ်တဲ့ မစည်းရုံးနိုင်ရင် ရွာမီးရှို့ပေးလိုက်မယ်တဲ့။ ရွာသားတွေကလည်း မပြန်လာရင် လူမရှိတဲ့ အိမ်ကို မီးရှို့ပေးလိုက်မယ်လို့ပြောနေတယ်”လို့ပြောပြပါတယ်။

မရန်ကထောင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ နိုဝင်ဘာလ ၂၅ ရက်နေ့ ပစ်ခတ်ခံရတဲ့နောက်ပိုင်း ကျေးရွာအတွင်း လုံခြုံရေးတင်းကြပ်ထားပြီး ပြန်လည်လွတ်မြောက်လာတဲ့ ရွာလူကြီး ၅ ယောက်ကိုလည်း KIA နဲ့ PDF ရဲ့ လှုပ်ရှားမှုတွေကို သတင်းပေးဖို့နဲ့ ရွာထဲကနေ တိမ်းရှောင်သွားတဲ့ ရွာသားတွေကို ရွာထဲပြန်လာကြဖို့ စည်းရုံးဖို့ရန် ပြောဆိုထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိမှာစစ်ကောင်စီတပ်ဖွဲ့ဟာ လွယ်လီယာန်အုပ်စုထဲမှာရှိတဲ့ မရန်ကထောင်အပါအဝင် ဆီးဒေန့်ယာန်၊ နမ်နွမ်၊ မရန်ကထောင်၊ ကောင်ရာ၊ ညောင်ကုန်း၊ နောင်းပုန် စတဲ့ကျေးရွာတွေကိုလည်း ထွက်ပြေးတိမ်းရှောင်တာတွေရှိခဲ့ရင် ကျေးရွာမီးရှို့မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ သတင်းအရင်းအမြစ်ကပြောပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့ ဖမ်းဆီးမှုမတိုင်မှီ မရန်ကထောင်ကျေးရွာအတွင်းမှာ တပ်ချထားတဲ့ စစ်တပ်ဂိတ်နဲ့ တပ်စခန်းနေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် ၃ နာရီလောက်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဘုရားကျောင်းဝင်းမှာကျေးဇူးတော်ချီးမွမ်းပွဲပြုလုပ်ဖို့ စီစဉ်နေတဲ့ချိန် ဝင်ရောက်လာပြီး ရွာလူကြီး ၅ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ရွာအထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့တာအပြင် ကျေးဇူးတော်ချီးမွမ်းပွဲပြုလုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်ထဲမှာပဲ စစ်ကောင်စီတပ်ဟာ ရွာလူကြီး ၅ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အတွက် မရန်ကထောင်ဒေသခံထက်ဝက်ခန့်လောက်က ရွာကနေထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့သိရပါတယ်။

မရန်ကထောင်မှာတပ်ချထားတဲ့ စစ်ကောင်စီ စစ်တပ်ဂိတ်ဟာ ဖားကန့်နဲ့ တနိုင်းဘက်နေ ဆင်းလာ ကားလမ်းမကြီးပေါ်မှာ စစ်ဆေးရေးအကြမ်းဆုံးနဲ့ ငွေကြေးတောင်းခံမှုအများဆုံးဖြစ်တဲ့ စစ်တပ်ဂိတ်တစ်ခုဖြစ်တာကြောင့် မကြာခဏ ပစ်ခတ်ခံရမှုဖြစ်ပွားနေတဲ့ စစ်တပ်ဂိတ်နေရာတစ်ခုလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button