Home သတင်း စစ်ကောင်စီတပ်များ နယ်မြေရှင်းလင်းရေးလုပ်ဆောင်သည့်အတွက် ကျုံဒိုးဒေသခံများ ညဘက်ရှောင်တိမ်းနေကြရ

စစ်ကောင်စီတပ်များ နယ်မြေရှင်းလင်းရေးလုပ်ဆောင်သည့်အတွက် ကျုံဒိုးဒေသခံများ ညဘက်ရှောင်တိမ်းနေကြရ

779
Photo: CJ

မတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အနီး၀န်းကျင် ကျေးရွာများဘက်ကို မတ်လ ၁၅ရက်နေ့ ညက စစ်ကောင်စီ စစ်ကြောင်းများ ၀င်ရောက်လာသည့်အတွက် ဒေသခံကျေးရွာသားများအရေးပေါ် အခြေအနေဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

အမည်မဖော်လိုသူ ရွာသားတစ်ဦးက “ကျုံဒိုးက စစ်တပ်စစ်ကြောင်းတွေ ကော့ဝါလဲရွာ နွားခြံကုန်း ရွာနားမှာရှိတဲ့ သင်္ချိုင်းကုန်းဘက်ကနေ ညဘက်ကြီး စစ်ကြောင်းဖြတ်တယ်၊ နောင်တမံရွာဘက်ကို သွားမလား မိဂလုံ၊ ကော့ကာရွာဘက် သွားမလားဆိုတာတော့ ညဘက်ဆိုတော့ မသိရဘူး ။ တိုက်ပွဲဖြစ်နိုင်ခြေရှိ နေတော့ရွာသားတွေ ညဘက်ကြီအကုန် ရှောင်ပုန်းနေကြရတယ်၊ မနက်တော့ အခြေအနေ ကြည့်နေတုန်းပဲ ပစ်တာခတ်တာတော့ မရှိသေးဘူး။”ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က ကျုံဒိုးမြို့ထဲကို နယ်ခြားစောင့်တပ်-BGF ကားတစ်စီးနှင့် စစ်ကောင်စီတပ်က ဆိုင်ကယ် ၁၀ စီးလိုက်ပါပြီး သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေကာ ကျုံဒိုးမြို့နားရှိ ကျေးရွာများဘက်ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးသည်ဟု အခြားကျုံဒိုးမြို့ခံတစ်ဦးက ပြောသည်။

“သူတို့လိုက်ပတ်ပြီးတော့ သေနတ်နဲ့လည်းပစ်တယ်။ မြို့ပြင်ဘက်ကနေလည်း အလုံးကြီးတွေ ပစ်သံတွေကြားနေရတယ်။ သူတို့လိုက်ပတ်တဲ့အခါကျရင် ပါးစပ်ကနေလည်း အော်ဆဲသွားသေးတယ်။ နောက်ပြီး သေမှာမကြောက်လို့ အပြင်ထွက်တာဆိုပြီး အော်တယ် သေနတ်ဖောက်ပြီး ရပ်ကွက်တွေထဲ ပတ်နေတယ်။”ဟု ၎င်းကျုံဒိုးမြို့ခံတစ်ဦးက ပြောသည်။

ယခုလို စစ်ကောင်စီတပ်က ကျုံဒိုးဒေသတွင်း ကျေးရွာများဘက် လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး မြေပြင်နယ်မြေ ရှင်းလင်းရေးစစ်ကြောင်း ၀င်ရောက်လှည့်ပတ်နေခြင်း၊ မာရှယ်လောအမိန့် ထုတ်ဖမ်းဆီးနေခြင်းကြောင့် ကျုံဒိုးမြို့တွင် ညဘက် ၆ နာရီကျော်လွန်လာပါက အသွားအလာမရှိတော့ဘဲ မြို့အနီးအနား ကျေးရွာများမှ စိုက်ပျိုးသီးနှံရောင်းချသည့် ဈေးသည်များလည်း ဈေးလာမရောင်းရဲကြကြောင်း သိရသည်။

ကျုံဒိုးမြို့ရှိ စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း -ခမရ ၅၄၅၊ ၅၄၆ တပ်ဘက်မှ ကျုံဒိုးမြို့ အနီးအနားရှိ ကျေးရွာများဖြစ်သော ကမ်းနီ၊ ညောင်ရိပ်သာ၊ ကော့ဘိန်းနှင့် ကော့ပေါက်၊ ကော့ကာ ရွာများဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ဒေသခံတစ်ချို့ နေအိမ်များမှာ မအိပ်ရဲကြဘဲ ဘေးလွတ် ရာနေရာကို ပြောင်းရွှေ့အိပ်စက် နေကြရသည်ဟု သိရသည်။

ကျုံဒိုးမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့မှစပြီး စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က မြို့အနီးတစ်ဝိုက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လူနေအိမ်မီးရှို့ခံမှုများရှိသည်ဟု ဒေသခံများက ပြောသည်။

ယခု မတ်လအတွင်း ကျုံဒိုးမြို့ တောင်ဘက်ကျေးရွာများဘက်မှ ကော့ကရိတ် တောင်ကြာအင်း-မုဒုံ -ကြာအင်းဆိပ်ကြီးလမ်းပိုင်းဘက်သို့ စစ်ကောင်စီစစ်တပ် စစ်ကြောင်းများ အင်အား ၂၀၀ ခန့်ဖြင့် လှည့်လည် ၀င်ရောက်နေသည့်အတွက် ဒေသခံများရွာပုန်းရွာရှောင်နေရပ်စွန့်ခွာနေထိုင်စစ်ရှောင်နေကြရသူ ကျေးရွာလူဦးရေ စာရင်းများအား အခြေခံကောက်ယူထားသည့် စာရင်းများအရ လူ ၅၀၀၀ ခန့်အထိ စစ်ဘေးရှောင်နေကြရကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။