နွေဦးတော်လှန်ရေးအောင်မြင်မှုက တရုတ်နိုင်ငံ၏အကျိုးစီးပွားကိုထိခိုက်စေမည်မဟုတ်ဟု NUG နိုင်ငံခြားရေးဝန်ကြီးပြော

By မောင်ခက်နွေ (မဇ္ဈိမ)
22 January 2023
နွေဦးတော်လှန်ရေးအောင်မြင်မှုက တရုတ်နိုင်ငံ၏အကျိုးစီးပွားကိုထိခိုက်စေမည်မဟုတ်ဟု NUG နိုင်ငံခြားရေးဝန်ကြီးပြော

ဇန်နဝါရီလ ၂၂ ရက်

နွေဦးတော်လှန်ရေး၏အောင်မြင်မှုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကျိုးစီးပွားအပါအဝင် ဒေသတွင်းနိုင်ငံများ၏ အကျိုးစီးပွားနှင့် ရေရှည်တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သည့်နည်းနှင့် မျှထိခိုက်မှုမရှိဘဲ ပိုမိုအကျိုးရှိစေမည်ဟု NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က တရုတ်နိုင်ငံခြား ရေးဝန်ကြီးသို့ပေးပို့သည့် တရုတ်နှစ်သစ်ကူးနေ့သဝဏ်လွှာတွင် ပါရှိသည်။

ယင်းသဝဏ်လွှာအား ယနေ့ ဇန်နဝါရီလ ၂၂ ရက် မနက်ပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

သဝဏ်လွှာထဲတွင် အကြိမ်(၂၀)မြောက် တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက်ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ ပြီး ဒေသတွင်းကိစ္စရပ်များတွင်လည်း တရုတ်နိုင်ငံ၏အရေးပါမှုကိုပြသနိုင်ခဲ့သည့်အတွက် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် များစွာဂုဏ်ယူမိပါကြောင်း ပါရှိသည်။

တရုတ်သမ္မတ Xi Jinping ၏ တတိယသက်တမ်း ထမ်းဆောင်ခွင့်ရရှိမှုနှင့် Mr. Qin Gang ၏ နိုင်ငံခြား ရေးဝန်ကြီးအဖြစ် ရွေးချယ်ခံခဲ့ရမှုကိုလည်း ကြိုဆိုကြောင်း ဆိုသည်။

မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ ပြည်သူ့အာဏာ ပြည်သူ့ထံပြန်လည်အပ်နှံနိုင်ရေးအတွက် ရပ်တည်ခဲ့ မှုများအပါအဝင် မြန်မာပြည်သူများအပေါ် အကြမ်းဖက်ဖိနှိပ်နေသည့် စစ်အုပ်စုနှင့်အတူမရပ်တည် ကြောင်းပြသလိုက်ခြင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာပြည်သူများအပေါ် အိမ်နီးချင်း ကောင်းပီသကြောင်း သက်သေထူပြလိုက်ခြင်းဖြစ်သည်ဟု ပါရှိသည်။

တရုတ်မြန်မာ နှစ်နိုင်ငံပြည်သူများအတွက် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ပိုမိုခိုင်မာစွာတည်ထောင်နိုင် မည့်နှစ်တနှစ်ဖြစ်ပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါသည်ဟု တရုတ်နှစ်သစ်ကူးနေ့ သဝဏ်လွှာတွင် ပါရှိသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly