စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ ညောင်ဇင်လေး (အနောက်) နဲ့ ယောကျေးရွာမှာ အထိုင်ချထားတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေကို ဇန်နဝါရီ ၁၇ ရက် နေ့လယ်ပိုင်းမှာ ကန့်ဘလူခရိုင် မဟာမိတ်အဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၈ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားကြတယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ ညောင်ဇင်လေး(အနောက်) ရွာမှာ အထိုင်ချထားတဲ့ အင်အား ၂၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို Kanbalu Underground Warriors၊ MPF U.18၊ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ၊ မြေပြင်လှုပ်ရှားညီနောင်များနဲ့ ကန့်ဘလူမြို့နယ် L-PDF အဖွဲ့တွေ စုပေါင်းပြီး ၆၀ မမ လက်နက်ကြီး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ဖြစ်ပါတယ်။
ကျွန်းလှ၊ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်အဖွဲ့ တာဝန်ရှိသူတဦးက “ အကြမ်းဖက်စစ်ကောင်စီနဲ့ ပျူစောထီးတွေက ပြန်ပြီး ခုခံပစ်ခတ်ခြင်းမရှိဘဲ ယောရွာဘက်ကို ဆုတ်ခွာသွားတယ်။ ဘိုတဲကုန်းရွာနဲ့ ဆူးပုတ်ကုန်းရွာအကြား မူးဘောင်လမ်းမှာ မဟာမိတ်တပ်ဖွဲ့တွေက မိုင်း ၂ လုံးဆွဲကာ ထပ်မံတိုက်ခိုက်ခဲ့တယ်။ သူတို့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ခုခံပစ်ခတ်ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ ညနေပိုင်းအချိန် ယောရွာထိပ်မှာ အင်အား ၆၀ လောက်ထပ်ဖြည့်နေချိန် ဒရုန်းနဲ့ ဗုံးသီး ၁ လုံး၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ထပ်မံသွားရောက်တိုက်ခိုက်ခဲ့ရာ နာရီဝက်နီးပါး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။
တိုက်ပွဲမှာ စစ်တပ်နဲ့ ပျူစောထီးတွေဘက်က ၈ ယောက်ထက်မနည်း သေဆုံးကာ အများအပြား အပြင်းအထန် ဒဏ်ရာရရှိသွားကြတယ်လို့ ကျွန်းလှ၊ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်အဖွဲ့က ထုတ်ပြန်ပေမဲ့ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။
အဆိုပါတိုက်ခိုက်မှုကို နယ်မြေအသာစီးနဲ့ တိုက်ခိုက်နိုင်ခဲ့ပြီး မဟာမိတ်တပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ကျွန်းလှ၊ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်အဖွဲ့ တာဝန်ရှိသူက ထုတ်ပြန်ပါတယ်။