Home သတင်း အမျိုးသမီးများကို တန်းဘိုးထားအသိမှတ်ပြုပြီး အဆင့်တိုင်းတွင် ပူးပေါင်းပါဝင်ခွင့်ရရှိရေး အားပေးအားမြောက်ပြုရန် (KWO) တိုက်တွန်း

အမျိုးသမီးများကို တန်းဘိုးထားအသိမှတ်ပြုပြီး အဆင့်တိုင်းတွင် ပူးပေါင်းပါဝင်ခွင့်ရရှိရေး အားပေးအားမြောက်ပြုရန် (KWO) တိုက်တွန်း

364
Photo: KWO

မတ်လ ၉ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

အမျိုးသမီးများကို တန်းဘိုးထား အသိမှတ်ပြုပြီး အဆင့်ဆင့်တိုင်းတွင် ပူးပေါင်းပါဝင်ခွင့်ရရှိရေး အားပေးအားမြောက်ပြုရန် ယမန်နေ့ မတ်လ ၈ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွက် ပေးပို့သောကရင်အမျိုးသမီးအစည်းအရုံး(KWO)၏ သဝဏ်လွှာတွင် တိုက်တွန်းလိုက်သည်။

အမျိုးသမီးများ၏ ပညာတိုးတက်လာမှုကြောင့် အဖွဲ့အစည်းထဲတွင် ပေးဆပ်လုပ်‌ဆောင်နိုင်မှု၊ အခွင့် အရေးရရှိမှု၊ ခေါင်းဆောင်မှုအပိုင်းတွင် ပိုမိုပါဝင်လာနိုင်မှုများရှိလာသော်လည်း ယင်းအပြောင်း လဲများသည် ပြည့်ဝသည့် အခွင့်အရေးများမရရှိသေးကြောင်း ကရင်အမျိုးသမီးအစည်းအရုံး(KWO)၏ သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

အဆင့်ဆင့်တိုင်းတွင် အမျိုးသမီးများ ပူးပေါင်းပါဝင်မှုများလာသော်လည်း ရသင့်ရထိုက်သည့်အခွင့်အရေး မှာ ၃၀ ရာခိုင်နှုန်းသာရှိသေးကြောင်းနှင့် အမျိုးသားအချို့၏ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုရှိ နေသေးကြောင်း ကော့ကရိတ်မြို့နယ် KWO ဒုဥက္ကဋ္ဌ နန်းအေးအေးအောင်က ယခုလို ပြောသည်။

“အမျိုးသမီးတွေ ရသင့်တဲ့အခွင့်အရေးတွေအားလုံး မရသေးဘူး။ ၃၀ ရာခိုင်နှုန်းလောက်ပဲ ရသေးတယ်လို့ ကျမမြင်တယ်။ တစ်ချို့အမျိုးသားက အခွင့်အရေးတန်းတူပေးတာရှိတယ်။ တစ်ချို့က အမျိုးသမီးတွေမလုပ်နိုင်ဘူး၊ ခွဲခြားဆက်ဆံတာရှိနေဆဲပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အမျိုးသမီးထုများ တန်းတူအခွင့်အရေးရရှိရန်အတွက် အမျိုးသမီးများအားလုံးက ဆက်လက် ကြိုးပမ်းလုပ်ဆောင်သွားရမည်ဖြစ်ကြောင်းလည်း နန်းအေးအေးအောင်က ဆက်ပြောသည်။

“အမျိုးသမီးထုအားလုံးတန်းတူအခွင့်အရေးရဖို့ အမျိုးသမီးအားလုံး အားတွေဇွဲ တွေမလျော့ဘဲ ပူးပေါင်းပါဝင်စေချင်တယ်။ ကိုယ့်အခွင့်အရေးကို ကိုယ်ကမတောင်းဆိုရင် ဘယ်သူမှမတောင်းဆိုပေးဘူး ။ ကိုယ့်အခွင့်အရေးကို ထိုင်စောင့်နေမယ့်အစား ကိုယ်တိုင်လုပ်လို့ရလာတဲ့အခွင့်အရေးကပိုပြီး တန်ဖိုးရှိတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မတ်လ ၈ရက်နေ့တွက်ပေးပို့သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် KWO၏ သဝဏ်လွှာထဲတွင် အမျိုးသမီးများအား တန်ဘိုးထား အသိအမှတ်ပြုရေးအပြင် စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာသိမ်း စစ်ကောင်စီတပ်သည် တိုင်းရင်းသားများအပေါ် နှိပ်စက်ဖိနှိပ်မှုများ ယခင်က ပိုမိုလုပ်ဆောင်လာသည်ဟု ပြောဆိုထားသည်။

ထို့အပြင် နိုင်ငံတကာက စစ်ကောင်စီများနှင့် ပူးပေါင်းပြီး ငွေကြေးရင်းနှီးမြှုပ်နှံများဝင်ရောက် လုပ်ဆောင်ခြင်းကြောင့် တိုက်ပွဲများ၊ အသက်သေဆုံးမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ ထိခိုက်ပျက်စီးမှုများနှင့် နေရပ်စွန့်ခွာတိမ်းရှောင်မှုကို ယူဆောင်လာစေပြီး စစ်ရေးပဋိပက္ခအတွင်း အမျိုးသမီးနှင့် ကလေးများသည်သာ ပိုမိုခံစားရပြီး အစာရေစာ မလုံမှုများလည်း ကြုံတွေ့ရသည်ဟုလည်း KWO က ပြောသည်။

ထို့ကြောင့် နိုင်ငံတကာအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းမှုကို ရပ်တန့်ပြီး နေရပ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် အရပ်သားပြည်သူများအတွက် နယ်စပ်ဖြတ်ကျော်အကူ အညီများ ပေးရန်ကိုလည်း ကရင်အမျိုးသမီးအစည်းအရုံးက တောင်းဆိုထားသည်။

မတ်လ ၈ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို သက်ဆိုင်ရာ အမျိုးသမီးအဖွဲ့အစည်းများက ဦးဆောင်၍ ကေအဲန်ယူ ထိန်းချုပ်ရာနယ်မြေအချို့အပြင် နယ်စပ်ဒေသများတွင်လည်း အသီးသီး ဂုဏ်ပြုကျင်းပပြုလုပ်ခဲ့ကြသည်။