နမ်းနိန်းကျေးရွာဘုန်းကြီးကျောင်းတွင် ခိုလှုံနေသူများကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက်သတ် ဖြတ်၊ စုစုပေါင်း ၂၈ လောင်းတွေ့ရှိထား 

By MTO (မဇ္ဈိမ)
12 March 2023
နမ်းနိန်းကျေးရွာဘုန်းကြီးကျောင်းတွင် ခိုလှုံနေသူများကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက်သတ် ဖြတ်၊ စုစုပေါင်း ၂၈ လောင်းတွေ့ရှိထား 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် စစ်ဘေး ရှောင်နေသည့် စစ်ရှောင်ပြည်သူများနှင့်ဘုန်းကြီးများကို  မတ်လ ၁၁ ရက်နေ့တွင် စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားခဲ့ရာ အလောင်း ၂၈ လောင်း တွေ့ရှိထားကြောင်း Karreni Nationalities Defense Force-KNDF က ထုတ်ပြန်ထားသည်။

မတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် ပင်လောင်းမြို့နယ်ရှိ နမ်းနိန်းကျေး ရွာအနီးပတ်ဝန်းကျင်သို့ တိုက်လေယာဉ်နှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာ အတွင်းသို့ ဝင်ရောက်ကာ ဘုန်းကြီးကျောင်းတွင်ခိုလှုံနေသည့် ရွာသား ၃၀ ဦးနှင့် ဘုန်းကြီး သုံးပါးတို့အား ခိုအောင်းရာမှာထွက်စေခဲ့ပြီး ကျောင်းနံရံရှေ့တွင် ရက်စက်စွာသတ်ဖြတ်ခဲ့သည်ဟု KNDF က ထုတ်ပြန် ထားသည်။

“ထိုဖြစ်စဉ်ကို ကျူးလွန်သော စစ်ကောင်စီတပ်များ ကျေးရွာအတွင်းသို့ ဝင်ရောက်စဥ်တွင်  KNDF, PDF, KA တို့ မလှမ်းမကမ်းမှ ကင်းထောက်တွေ့ရှိခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်မှ အင်အားအများအပြား ဖြင့် ဝင်ရောက်စီးနှင်းမှုကြောင့် မိမိတို့မှ ဝင်ရောက်ကူညီနိုင်ခြင်းမရှိခဲ့ပါ။ နောက်နေ့ မတ်လ (၁၂) နေ့ လည်အချိန်မှသာ ကျေးရွာအတွင်းသို့ဝင်ရောက်နိုင်ခဲ့ပြီး ယခုဖြစ်စဉ်ကို မှတ်တမ်းရယူနိုင်ခဲ့သည်။ ပျောက် ဆုံးသူ ၃၀ ဦးအနက် သေဆုံးသူများ၏ အလောင်း ၂၈ လောင်းကို တွေ့ရှိခဲ့ရပါသည်" ဟု KNDF က ယနေ့ မတ်လ ၁၂ ရက် ညနေ ၅ နာရီ ၅၀ မိနစ်တွင် သတင်းထုတ်ပြန်ထားသည်။

သေဆုံးသူများ၏ အလောင်းများကို KNDF မှ သယ်ထုတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာရဲဌာနနှင့် ဆေးမှုခင်းများကို ဆက်လက်စစ်ဆေးမှု ပြုလုပ်သွားမည်ဟုဆိုသည်။ ထို့ပြင် သတ်ဖြတ်ခံရသူများ၏ နာရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍  သက်ဆိုင်ရာမိသားစုများကို လုံခြုံစိတ်ချသောနေရာ၌ ဘာသာရေးအရ ဆောင်ရွက်သင့် သည်များ ဆက်လက်ဆောင်ရွက်နိုင်ရန် ကူညီသွားမည်ဟု KNDF က ထုတ်ပြန်သည်။ 

“ဘုန်းကြီးကျောင်းထဲကစစ်ရှောင်တွေကို စစ်ကောင်စီတပ်က ပစ်သတ်သွားတယ်။ တွေ့တဲ့အလောင်း တွေရှိသလို ရှာဖွေနေဆဲလည်း ဖြစ်တယ်။ ဒီလုပ်ရပ်က လူမျိုးရေးအမုန်းပွားအောင် ဖန်တီးတာလို့ သုံးသပ် ပါတယ်” ဟု KNDF တပ်ရင်း(၁၁) ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် နမ်းနိန်းကျေးရွာဘုန်းကြီးကျောင်း အရှေ့ဘက် တွင်ရှိနေဆဲဟု သတင်းရရှိသည်။

စစ်ကောင်စီစစ်ကြောင်းကို  KNDF ၊ KA ၊ ရှမ်းတောင် PDF ၊ PDF ဖယ်ခုံ ၊ PDF မိုးဗြဲနှင့် DMO PDF တို့က တန်ပြန်စစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း KNDF က ထုတ်ပြန်သည်။

ယခုကျူးလွန်မှုအတွက် သက်ဆိုင်ရာအကြမ်းဖက် စစ်ကောင်စီတပ်ကို အရေးယူဆောင်ရွက်နိုင်ရန် ကြိုး စားလုပ်ဆောင်သွားမည်ဟုလည်း KNDF က ထုတ်ပြန်ထားသည်။ 

စာတည်း - မောင်ကြီး
စာမူတည်းဖြတ်။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required