ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံ ၆,၀၀၀ ခန့်  စစ်ရှောင် နေရ

By လွှမ်းမိုး(မဇ္ဈိမ)
23 January 2023
ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံ ၆,၀၀၀ ခန့်  စစ်ရှောင် နေရ

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် မြောက်ဘက်အခြမ်းတွင် စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၈ ရက်နံနက်ပိုင်းမှစတင်၍ ခြေလျင်စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံပြည်သူ ၆,၀၀၀ ခန့် အိုးအိမ် စွန့်ခွာ စစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ချင်းတွင်းမြစ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့၏ ရေယာဉ်များကို အကာအကွယ်ပေးနေသော စစ်ကောင်စီ တပ်သားများက ခြေလျင်စစ်ကြောင်းထိုးကာ ကျောက်မှော်ကျေးရွာတွင် တပ်စွဲနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးငယ်တွေနဲ့ နေရောညပါပစ်ခတ်နေကြတာပါ။ တစ်ချို့ ကလည်း လက်နက်ကြီးကျည်ကြောက်တာနဲ့ လျှိုကလေး၊ ချပ်ကလေးတွေကြား ဆင်းပြီးအိပ်ရတယ်။ 
ရုတ်တရက်ပြေးလွှားလာတာဆိုတော့ ခြုံစရာစောင် ပါမလာကြဘူး။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အို တွေ အအေးပတ်၊ ချောင်းဆိုး ၊ ရင်ကြပ်ကြတာတွေ ရှိတယ်။ အစားအသောက်ကလည်း စစ်ရှောင်ရက်က တစ်ပတ်ကျော်ပြီဆိုတော့ မရှိကြတော့ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီ တပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် ကျောက်မှော်၊ ပန်းတိမ်ပြင်၊ စေသူ၊ သံဘို၊ သံပုရာပင်ရိုး၊ ကျွန်းပေါ်၊ နှောပင်၊ ယင်းဘိုး၊ ကျွန်းကလေး စသည့် ကျေးရွာများအပါအဝင် ကျေးရွာ ၁၅ ရွာမှ လူဦးရေ ၆,၀၀၀ ခန့် စစ်ရှောင် နေရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ရှောင်များကို ဗမာ့လွတ်မြောက်ရေးတပ်ဖွဲ့  Medical Team က အနီးကပ် ဆေးဝါးစောင့် ရှောက်မှုများ ပေးနေကြောင်း သိရသည်။

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required