Home သတင်း ဇင်းကျိုက်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရှင်းလင်းခဲ့ကြောင်း S.O.F တပ်ဖွဲ့ ထုတ်ပြန်

ဇင်းကျိုက်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရှင်းလင်းခဲ့ကြောင်း S.O.F တပ်ဖွဲ့ ထုတ်ပြန်

677

မတ်လ ၁၅ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ဇင်းကျိုက်မြို့ပေါ်ရှိ စစ်ကောင်စီ၏ ဖလပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်စိုးမိုး (ခေါ်)စတီးကို ယမန်နေ့ မတ်လ ၁၄ ရက်၊ နေ့လည် ၁၂နာရီ ကျော်အချိန်တွင် ရှင်းလင်းပစ်ခတ်ခဲ့ကြောင်း အထူး စစ်ဆင်ရေးတပ်ဖွဲ့ −S.O.Fက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်စိုးမိုး(ခေါ်)စတီးသည် ရဲများနှင့်ပူးပေါင်း၍ လောင်းကစားဝိုင်းများ၊ ကြက်ဝိုင်းများကို ဦးဆောင်စီစဉ်သူတစ်ဦး ဖြစ်ပြီး PDF များနှင့်ဌာနဆိုင်ရာမှ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု)ပြုလုပ်ထားသူများကို လိုက်လံ ဖော်ထုတ်ကာ ငွေကြေးတောင်းခံမှုများ ပြုလုပ်လျက်ရှိနေသောကြောင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့−S.O.F က ပစ်သတ် ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

S.O.F ၏ ထုတ်ပြန်ချက်တွင် “သတ္တိရှိတဲ့ကောင်လာစမ်း၊ ဥတ္တတားရွာကို ငါကိုယ် တိုင်အုပ်ချုပ်ရေးမှူးလုပ်ပြမယ်လို့ ကြုံးဝါးတယ်။ PDFတွေကိုလည်း စိန်ခေါ်နေတဲ့ သူတစ်ယောက်လည်းဟုတ်တယ်”ဟု ရေးသားဖော်ပြထားသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အထူးစစ်ဆင်ရေးတပ်ဖွဲ့−S.O.Fကို ကရင်သတင်းဌာန−ကေအိုင်စီအနေဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့သလို စစ်ကောင်စီတပ်ဘက်မှလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်စိုးမိုး(ခေါ်)စတီး ပစ်သတ်ခံရမှုနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးကြောင်းတွေ့ရသည်။

ထို့အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်စိုးမိုး(ခေါ်)စတီးကို ပစ်သတ်ရှင်းလင်းရာတွင် “Double Zip Drill” ဖြင့် ဦးခေါင်း၊ လည်ပင်း၊ ရင်ဘတ်၊ ဆီးခုံတို့ကို အချက်ရေ ၈ ချက် ပစ်ခတ်ခဲ့သောကြောင့် အခင်းဖြစ်ပွားသည့်နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း S.O.Fက ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့်အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင်လည်း မွန်ပြည်နယ် ပေါင်မြို့နယ် ရင်ငြိမ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးသင်တန်းပို့ချပေးနေသည့် ပြည်သူ့စစ်ခေါင်းဆောင် မြင့််ရီ(ခ)ပေါပီလည်း ပစ်သတ် ရှင်းလင်းခံခဲ့ရသေးသည်။