Home
မြန်မာသတင်း
စစ်ကောင်စီတပ်က ကုန်ကားများကို ချောဆွဲပြီး သံချပ်ကာတင့်ကားများနှင့်အတူ ချင်းတောင်တက်လာ
DVB
·
March 9, 2023

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်နဲ့ ထောက်ပို့တပ်က တပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထုပိုင်တဲ့ ကုန်တင်ကားတွေကို ချောဆွဲပြီး မတ်လ ၉ ရက် မနက်ပိုင်းက ကလေးမြို့ကနေ ချင်းပြည်နယ်ဘက်ကို တက်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ သံချပ်ကာတင့်ကား ၂ စီး အပါအဝင် ကုန်တင်ကားစုစုပေါင်း ၂၈ စီးဟာ စစ်ကောင်စီတပ်သားတွေရဲ့ လုံခြုံရေးအပြည့်နဲ့ လက်နက်ခဲယမ်းတွေ၊ စားနပ်ရိက္ခာတွေ သယ်ဆောင်သွားတာကို မြင်ခဲ့ရတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကုန်တင်ကားက ၂၆ စီး၊ တင့်ကားက ၂ စီး၊ အဲ့ဒီကုန်တင်ကားထဲမှာ စစ်သားတွေရော လိုက်စီးတယ်။ ကားပေါ်မှာ မိုးကာတွေ၊ လက်နက်တွေ သယ်သွားတာ မြင်လိုက်တယ်။”

မတ်လ ၆ ရက်ကစပြီး စစ်ကောင်စီက မြို့ခံတွေရဲ့ ကုန်တင်ကားတွေ အပါအဝင် ၁၂ ဘီးကား အစီး ၃၀ ဝန်းကျင်ကို ချောဆွဲထားပြီး မိမိတို့ရဲ့စစ်ဌာနချုပ်ကို ခေါ်ဆောင်ထားတယ်လို့ သိရပါတယ်။

မုံရွာ၊ မန္တလေး၊ ရန်ကုန်ဘက်ကို ကုန်တင်ကုန်ချပြုလုပ်တဲ့ ကားတွေကို စစ်ကောင်စီက ချောဆွဲထားတာကြောင့် တချို့ကားတွေ မြို့ထဲကို မဝင်ရဲကြဘဲ လမ်းမှာသာ အခြေအနေ စောင့်ကြည့်နေရတယ်လို့ မြင့်မြတ်ကံသာကားဂိတ်မှ ကုန်တင်ယာဉ်မောင်းတဦးက ပြောပါတယ်။

“သူတို့က ချောဆွဲနေတော့ မဖြစ်မနေ လိုက်ရမှာလေ။ သူတို့လက်နက်တွေ တင်ခိုင်းပြီး ပတ်မောင်းနေရလို့တော့ တို့မိုင်းဆွဲခံပြီး သေကုန်မှာပေါ့။ အခုတော့ စောင့်ကြည့်နေရတဲ့ အနေအထားပဲ။”

စစ်ကောင်စီက မြို့တွင်းကိုဝင်လာတဲ့ ကုန်တင်ကားတွေကို ချောဆွဲထားပြီး ကျန်ရှိနေတဲ့ ကုန်တင်ကားတွေ မြို့ထဲကိုမဝင်ရဲတာကြောင့် မြို့တွင်းကုန်စုံဆိုင်တချို့မှာ ကုန်ပစ္စည်းတွေ ပြတ်တောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မတ်လ ၇ ရက်ကစပြီး စစ်ကောင်စီတပ်သား အင်အား ၇၀ ဝန်းကျင်ဟာ ကလေးမြို့ဘက်ကနေ ချင်းတောင်ဘက်ကို ခြေချင်တက်ရောက်သွားပါတယ်။

ကလေးမြို့မှ ချင်းတောင်တက်တဲ့ လမ်းမတွေပေါ်မှာ အချိန်မရွေး တိုက်ပွဲတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ ခရီးသွားတာ၊ တောထွက်တာ မပြုလုပ်ကြဖို့ PDF Zoland နဲ့ ကလေးမြို့ပြစီမံချက်အဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ အတင်းအကျပ် ချောဆွဲမှုကြောင့် လိုက်မောင်းပေးရတဲ့ ကားသမားတွေအတွက် စိတ်ပူမိတယ်လို့ ကုန်‌တင်‌ယာဉ်မောင်းတွေက ဆိုထားပြီး ဒီနေ့ ချင်းတောင်ဘက်ကိုတက်တဲ့ ကားတွေဟာ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ရိက္ခာချမယ်လို့ ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။

ဓာတ်ပုံ-CNDF(ယနေ့မနက်ချင်းတောင်ကိုတက်နေတဲ့ကားများ)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024