မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျုံမိန်ကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ သထုံခရိုင် PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
ဒီနေ့ မတ် ၈ ရက်နေ့ ၇ နာရီခွဲအချိန်လောက်မှာ သထုံမြို့နယ် အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ - ၂၄ တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ ကျုံမိန်ကျေးရွာထဲကို လက်နက်ကြီး ၄ ချက်ထက်မနည်း ပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ကျုံမိန်ကျေးရွာနေ အသက် ၇ နှစ်အရွယ် မဝင်းဝင်းရီ၊ အသက် ၁၃ နှစ်အရွယ် မောင်ထိပ်ပြောင်တို့ နေရာမှာပဲ သေဆုံးခဲ့ပြီး အသက် ၅၀ နှစ်အရွယ် ဒေါ်မနူးဖိုးနဲ့ အသက် ၉ နှစ်အရွယ် စောနော့ဒါးမူတို့ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံတွေကို ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ(၁)ရဲ့ ဆေးပေးခန်းတစ်ခုကို ပို့ဆောင်ကုသပေးထားတယ်လို့ သထုံခရိုင် PDF တာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ ကျုံမိန်ကျေးရွာဟာ ကရင်တိုင်းရင်းသားအများစု နေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။
သထုံမြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့တုန်းကလည်း တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ပိန္နဲကျေးရွာ ဒေသခံ ၃ ဦး ဒဏ်ရာရရှိထားပါတယ်။