Home
မြန်မာသတင်း
မြန်မာစစ်အာဏာရှင်က ဒီမိုကရေစီရေးလှုပ်ရှားသူများကို ဖိနှိပ်ရန် လူမှုကွန်ရက်ကို လက်နက်သဖွယ်အသုံးချနေဟု ကုလပြော
DVB
·
March 15, 2023

မြန်မာစစ်အာဏာရှင်တွေဟာ ဒီမိုကရက်တစ်အတိုက်အခံတွေကို ဖိနှိပ်ဖို့အတွက် ဆိုရှယ်မီဒီယာတွေကို လက်နက်လိုအသုံးချနေပြီး  အွန်လိုင်းအကြမ်းဖက်မှုတွေ  ဆောင်ရွက်နေတယ်လို့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ် အပါအဝင် ကုလသမဂ္ဂကျွမ်းကျင်သူတွေက  မတ်လ ၁၃ ရက်မှာ ကြေညာချက် ထုတ်ပြန် ပြောလိုက်ပါတယ်။

မြန်မာစစ်အာဏာရှင်လက်အောက်ခံ အမျိုးသမီးမုန်းတီးရေးသမားတွေ၊ မဘသတွေရဲ့ အွန်လိုင်းအကြမ်းဖက်မှုတွေကို တားဆီးဖို့လည်း  တယ်လီဂရမ်ကို ကုလသမဂ္ဂ ကျွမ်းကျင်သူ ပညာရှင်တွေက တိုက်တွန်း တိုက်ပါတယ်။

စစ်တပ်ထောက်ခံသူတွေက ဆိုရှယ်မီဒီယာတွေသုံးပြီးတော့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး ကာကွယ်သူတွေကို အကြမ်းဖက်နှိပ်ကွပ်ဖို့ အွန်လိုင်းပေါ်မှာ ရေးသားတိုက်ခိုက် မှုတွေကနေ အပြင်လောကမှာပါ တကယ်အကြမ်းဖက်မှုတွေ ဖြစ်လာနေတယ်၊ အမျိုးသမီးတွေကို အသရေဖျက်ဂုဏ်သိက္ခာချဖို့အတွက် အမုန်းစကားတွေ၊ လိင်ပိုင်းဆိုင်ရာစော်ကား ရေးသားမှုတွေ၊ ခွဲခြားနှိမ့်ချသတင်းဖြန့်မှုတွေကို ဆိုရှယ်မီဒီယာတွေမှာ လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားရေးသားမှုတွေကြောင့် အမျိုးသမီးအမြောက်အမြားဟာ သူတို့ရဲ့ အွန်လိုင်းကလှုပ်ရှားမှုတွေကို ရပ်တန့်လိုက်ရရုံသာမက လက်တွေ့ဘဝမှာပါ လူထုနဲ့ဝေးရာကို ရှောင်တိမ်းနေရတာတွေရှိခဲ့တယ်လို့ ပြောပါတယ်။

ဆိုရှယ်မီဒီယာတွေ၊ အထူးသဖြင့် တယ်လီဂရမ်ဟာ စစ်တပ်ထောက်ခံသူတွေရဲ့ အဓိက ဝါဒဖြန့်၊ အမုန်းတရားဖြန့်ဝေရာ နေရာဖြစ်လာကြောင်း ကုလပညာရှင်တွေက သတိပေးလိုက်ပါတယ်။

“အာဏာသိမ်းပြီးချိန်တည်းကနေစပြီး စစ်တပ်ထောက်ခံသူတွေဟာ တယ်လီဂရမ်ရဲ့ တင်းကျပ်မှုမရှိတဲ့ လျော့ရဲရဲ စည်းကမ်းသတ်မှတ်ချက်နဲ့ အချက်အလက်စိစစ်မှု အားနည်းတာအပေါ် အခွင့်ကောင်းယူခဲ့ကြတယ်။ သူတို့ဟာ အကြမ်းဖက်မှုကိုလှုံ့ဆော်တဲ့ အချက်အလက်အ ရေးအသားတွေနဲ့ အမျိုးသမီးမုန်းတီးရေးတွေကို ရေးသားပြီး ထောင်နဲ့ သောင်းနဲ့ချီတဲ့ စောင့်ကြည့်ဖတ်ရှုသူတွေဆီကို အမုန်းတရားတွေဖြန့်ဝေနေကြတယ်” လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူက  ပြောပါတယ်။

ကာယကံရှင်က သိရှိလက်ခံခြင်းမရှိဘဲ နာမည်နဲ့ လိပ်စာအပါအဝင် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အွန်လိုင်းမှာမျှဝေပြီး အကြမ်းဖက်ဖို့ လှုံဆော်တာတွေကို အမျိုးသမီးတွေကို မကြာခဏပစ်မှတ်ထားပြီး ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။

အဲဒီလို အချက်အလက်တင်ပြီး တိုက်ခိုက်မှုတွေမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ တိုက်တွန်းတာတွေ ပါဝင်လေ့ရှိသလို နာမည်တပ်စွပ်စွဲခံရသူတွေဟာလည်း စစ်တပ်ရဲ့ ဖမ်းဆီးခြင်းတွေခံရပါတယ်။

မြန်မာနိုင်ငံ တဝန်းမှာ အမျိုးသမီးတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ စစ်အာဏာရှင်ဆန့်ကျင်သူတွေနဲ့ ဒီမိုကရေစီရေးထောက်ခံသူတွေ၊ NUG၊ CRPH၊ PDF ထောက်ခံအားပေးသူတွေ၊ NLD ပါတီဝင်တွေနဲ့ ဝန်းရံသူတွေ၊ လူမှုကွန်ရက်မှာတော်လှန်ရေးနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတင်သူ၊ Comment မှတ်ချက်ရေးသူ  like နဲ့ Share လုပ်သူပါမကျန်  စစ်တပ်လော်ဘီ တယ်လီဂရမ်မှာ တင်လိုက်တာနဲ့ စစ်တပ်က ချက်ချင်းသွားရောက်ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်၊ ထောင်ချတာတွေ ရှိနေတာဖြစ်ပါတယ်။

အဲဒါအပြင် မြန်မာအမျိုးသားရေးဝါဒီမဘသတွေနဲ့ တပ်ထောက်ခံသူတွေဟာ  ဘာသာရေးခွဲခြားမှုနဲ့ မွတ်စလင်မုန်းတီးရေးဝါဒဖြန်ဖို့  တက်ကြွလှုပ်ရှားသူအမျိုးသမီးတွေဟာ မွတ်စလင်အမျိုးသားတွေနဲ့ လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုတွေရှိတယ်လို့ စွပ်စွဲကြတာတွေလည်းရှိနေပါတယ်။ 

“နိုင်ငံရေးသမားတွေကို ဖမ်းဆီးတာတွေ၊ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို သေနတ်နဲ့ ပစ်သတ်တာတွေ ကျူးလွန်နေတာတောင်မှာ အာဏာကိုအပြည့်အဝဆုပ်ကိုင်နိုင်ခြင်းမရှိတဲ့ စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်ဖြိုခွင်းမှုတွေကို ပုံရိပ်ယောင်ကမ္ဘာအထိပါ ထပ်ပြီး ခြေဆန့်ကြတော့တာပဲ” လို့ ကုလကျွမ်းကျင်သူက ဆိုပါတယ်။

စစ်အုပ်ချုပ်ရေးဆန့်ကျင် တွန်းလှန်ရာမှာ အမျိုးသမီးတွေရဲ့ စုစည်းနိုင်စွမ်းအားကို  စစ်အာဏာရှင်တွေက တုန်လှုပ်ကြောက်လန့်နေကြတယ်လို့လည်း ပြောပါတယ်။

“သူတို့ရဲ့ လူ့အခွင့်အရေးအတွက် ရပ်တည်ချက်တွေ၊ စစ်တပ်ရဲ့ အာဏာထိန်းချုပ်ဖို့ကြိုးပမ်းမှုကို ဆန့်ကျင်တာတွေနဲ့ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ရေးအတွက် ကြိုးပမ်းချက်တွေကြောင့် အမျိုးသမီးတွေဟာ နေ့စဉ်နဲ့အမျှ အွန်လိုင်းမှာ သိက္ခာချစော်ကားခံရပြီး အကြမ်းဖက်ခံရဖို့ ခြိမ်းခြောက်ခံရတာတွေရှိနေပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေးကာကွယ်သူ အမျိုးသမီးတွေနဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းတွေက အမျိုးသမီးတွေဟာ ကိုယ်ရေး အချက်အလက်တွေ အွန်လိုင်းမှာဖော်ပြခံရပြီး သူတို့ကိုအကြမ်းဖက်တိုက်ခိုက်ဖို့ လှုံဆော်တာတွေ အပြင် တခြားပုံစံအမျိုးမျိုးနဲ့ ခြိမ်းခြောက်မှုတွေကို ခံစားနေကြရပါတယ်” လို့ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီဖြစ်ရပ်တွေဖြစ်ပွားနေကြောင်း သိရှိရပြီးတဲ့နောက် တယ်လီဂရမ်ပေါ်က ခြိမ်းခြောက်မှုတွေ အကြောင်း အသေးစိတ်ဖော်ပြထားတဲ့ အစီရင်ခံစာမထုတ်ပြန်မီအချိန်အနည်းငယ်အတွင်းမှာတင် တယ်လီဂရမ်ဟာ  စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့် ၁၃ ခုကို ပိတ်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့အကြမ်းဖက်မှုတွေကို အများဆုံးလှုံ့ဆော်နေတဲ့ ချန်နယ်တစ်ခုကတော့ မကြာခင်ကပဲ တယ်လီဂရမ်မှာ ပြန်လည်အသက်ဝင်ဝါဒဖြန့်နေပြီဖြစ်ပါတယ်။ 

တယ်လီဂရမ်ရဲ့ အရေးယူတုံ့ပြန်မှုကို ကြိုဆိုထောက်ခံသလို နောက်ထပ်လည်း အခုထက်ပိုပြီးလုပ်ဆောင်ရမှာတွေရှိတယ်လို့ ကုလသမဂ္ဂ ပညာရှင်တွေက ပြောပါတယ်။

“မြန်မာနိုင်ငံက အကောင့်တွေနဲ့ ချန်နယ်တွေမှာတင်တဲ့စာတွေ၊ အချက်အလက်တွေကို တယ်လီဂရမ်က အလေးအနက်ထားပြီး စိစစ်အရေးယူမှုတွေမလုပ်သရွေ့တော့ စစ်တပ်ထောက် ခံသူတွေက အကောင့်ပိတ်ခံရရင်လည်း နောက်ထပ်အကောင့်သစ်တစ်ခုဖွင့်ပြီး အကြမ်းဖက်မှုလှုံ့ ဆော်တာတွေ၊ လူမှုရေးတိုက်ခိုက်မှုတွေ ဆက်လက်ဆောင်ရွက်နေဦးမှာပဲဖြစ်တယ်”လို့ ပြောပါတယ်။

ပညာရှင်တွေက တယ်လီဂရမ်နဲ့အတူ တခြားဆိုရှယ်မီဒီယာတွေကို သူတို့ရဲ့ ပလက်ဖောင်းပေါ်မှာ မျှဝေရေးသားနေတဲ့ လုပ်ကြံတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုလှုံ့ဆော်နေတဲ့ အကောင့်တွေကို ဖော်ထုတ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကာကွယ်တားဆီးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

“လိင်အခြေပြုအကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ ဥပဒေမဲ့ မတရားဖမ်းဆီးမှုတွေ၊ ကိုယ်ရေးကိုယ်တာအချက်အလက် ဖော်ထုတ်ဖြန့်ဝေတာတွေ၊ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်နဲ့ အွန်လိုင်းမှာရော အပြင်လောကမှာပါ ငြိမ်းချမ်းစွာ စုဝေးမှုတွေအပေါ် ဖိနှ်ပ်ချုပ်ခြယ်တာတွေကို သူတို့ရဲ့ ဝန်ဆောင်မှုကို အသုံးချပြီး ကျူးလွန်ဆောင်ရွက်နိုင်ခြင်းမရှိအောင် နည်းပညာ ကုမ္ပဏီတွေက တားဆီးနိုင်ဖို့ လိုပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတာ၊ မြန်မာဘာသာအပြင် တိုင်းရင်းသား ဘာသာစကားတွေနဲ့ဖြန့်ဝေနေတဲ့ အချက်အလက်တွေကို ဒေသခံအဖွဲ့အစည်းတွေနဲ့ အနီးကပ်ပူးပေါင်း စိစစ်ဖို့လိုအပ်နေတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူက ဆိုပါတယ်။

တယ်လီဂရမ်နဲ့ တခြားဆိုရှယ်မီဒီယာ ကုမ္ပဏီတွေဟာ သူတို့ရဲ့ဝန်ဆောင်မှုကို အသုံးပြုသူတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်နိုင်ဖို့ လိုအပ်တာတွေကို ပြင်ဆင်လုပ်ဆောင်ကြဖို့လည်း ကုလသမဂ္ဂ လူ့အခွင့်ရေးကျွမ်းကျင်သူတွေက တိုက်တွန်းထားပါတယ်။

ဒီထုတ်ပြန်ချက်မှာ ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်၊ ကိုယ်ရေးကိုယ်တာအခွင့်အရေးဆိုင်ရာကုလအထူးကိုယ်စားလှယ်  ဒေါက်တာ အန်နာဘရိုင်ရန်နိုယူဂရီရက်စ်၊ အမျိုးသမီးနဲ့မိန်းကလေးငယ်တွေအပေါ်အကြမ်းဖက်မှုဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ရမ်အယ်ဆာလမ်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် အီရီနီခန်းစတဲ့ ကျွမ်းကျင်သူ ၁၆ ဦးပူးပေါင်းပါဝင် တောင်းဆိုထားတာ ဖြစ်ပါတယ်။ 

PHOTO-UN

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024