ပခုက္ကူတွင် စိတ်ကျန်းမာရေးချို့တဲ့သူကို စစ်ကောင်စီတပ်သားများက ဝိုင်းရိုက်သဖြင့် ဆေးကုသမှုခံနေရ

ပခုက္ကူတွင် စိတ်ကျန်းမာရေးချို့တဲ့သူကို စစ်ကောင်စီတပ်သားများက ဝိုင်းရိုက်သဖြင့် ဆေးကုသမှုခံနေရ

ပခုက္ကူမြို့နယ်တွင်၊ မတ်လ ၁၀ ရက်နေ့က စိတ်ကျန်းမာရေးချို့တဲ့သူတစ်ဦးအား စစ်ကောင်စီ တပ်သားများက ဝိုင်းရိုက်ခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။

“နေ့လယ် ၁ နာရီလောက်ထင်တယ် အောင်ခိုင်(စိတ်ကျန်းမာရေးချို့တဲ့သူ)က လမ်းဘေးမှာအိပ်နေတာ ကို နှိုးပြီးတော့ရိုက်ကြတာ။

ဘာအကြောင်းကြောင့်လဲတော့ မသိဘူး။ အောင်ခိုင်လဲကျသွားပြီး အတော် လေးကြာတော့မှ စစ်သားတွေထွက်သွားတယ်။ အဲဒီတော့မှပဲ သွားသယ်ပြီး ဆေးခန်းပို့ပေးတာလို့ပြော တယ်၊ ဒဏ်ရာတွေက လက်နှစ်ချောင်းစလုံးမှာ အတော်လေးများတယ် မျက်နှာမှာရောပဲ”ဟု ဒေသခံ တစ်ဦးကပြောသည်။

ရိုက်နှက်ခံရသူသည် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြို့စိုးကျေးရွာမှ၊ အသက် ၃၀ ၀န်းကျင်အရွယ် ဦးအောင် ခိုင်ဆိုသူဖြစ်ကြောင်းသိရပြီး၊ ၎င်းအားဝိုင်းရိုက်ခဲ့ကြသည့် စစ်ကောင်စီတပ်သားမှာ ၁၀ ယောက်ခန့်ရှိ ကြောင်း၊ ကျွန်းချောင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံအနီးရှိ အထက်တန်းကျောင်း၀င်းအတွင်း တပ်စွဲထား သော စစ်ကြောင်းမှဖြစ်ကြောင်း ဒေသတွင်းသတင်းများက ဆိုသည်။

မည်သည့်အတွက်ကြောင့် စစ်ကောင်စီတပ်သားများကဝိုင်းရိုက်ခဲ့ခြင်းကိုတော့ မသိရသေးပေ။ အလား တူဖြစ်စဉ်မျိုး မတ်လ ၉ ရက်နေ့ ညပိုင်းက မန္တလေးတိုင်း မြင်းခြံမြို့တွင်လည်း ဖြစ်ခဲ့သေးသည်။

မြင်းခြံနာရီစင်အနီး၌ မတ်လ ၉ ရက်နေ့ ည ၁၁ နာရီခန့်က စိတ်ကျန်းမာရေးချို့တဲ့သူ အမျိုးသားနှစ်ဦး လမ်းပေါ်လျှောက်သွားနေစဉ် ကင်းပုန်း၀ပ်နေသည့်စစ်ကောင်စီတပ်သားများက တစ်ဦးကိုသေနတ်ဖြင့် ပစ်သတ်ပြီး တစ်ဦးကို ရိုက်နှက်ကန်ကျောက်ခဲ့ခြင်း ဖြစ်သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly