မြန်မာ့အရေးအတွက် ကုလလုံခြုံရေးကောင်စီ၏ ခိုင်လုံသော အရေးယူဆောင်ရွက်ချက် လိုအပ်ဟု HRW ပြော

မြန်မာ့အရေးအတွက် ကုလလုံခြုံရေးကောင်စီ၏ ခိုင်လုံသော အရေးယူဆောင်ရွက်ချက် လိုအပ်ဟု HRW ပြော

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာအာဏာသိမ်းစစ်အုပ်စုကို ၎င်းတို့ ကျူးလွန်ဆဲ ပြစ်မှုများအတွက် တာဝန်ခံခိုင်းရန် လက်ဆုပ် လက်ကိုင်ပြနိုင်သော ဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းအားဖြင့် ယင်း၏ ၂၀၂၂ ၊ ဒီဇင်ဘာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အပေါ် အခြေခံပြီး ဆက်လက် အကောင်အထည်ဖော်သင့်ကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောသည်။ လုံခြုံရေးကောင်စီသည် ၂၀၂၃ ၊ မတ်လ ၁၃ ရက်တွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ခု ကျင်းပမည် ဖြစ်ပြီး ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်း ဟေဇာ၊ မြန်မာဆိုင်ရာ အာဆီယံ အထူးသံတမန်ရုံး၏ အကြီးအကဲ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆုဒီတို့ထံမှ အစီရင်ခံစာများကို ကြားနာမည် ဖြစ်သည်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဒီဇင်ဘာ ဆုံးဖြတ်ချက်ကို ထည့်သွင်းစဉ်းစားသင့်သည်။ ယင်းဆုံးဖြတ်ချက်က ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်၏ အခွင့်အရေး ချိုးဖောက်မှုများကို ပြစ်တင်ရှုတ်ချထားပြီး ယင်းက အာဏာသိမ်းစစ်အုပ်စု၏ ရက်စက်၊ကြမ်းကြုတ်သည့် လုပ်ရပ်များအပေါ် နိုင်ငံတကာ၏ စစ်ဆေးမှုကို ပြန်လည်တက်ကြွစေမည့် ပထမဆုံးခြေလှမ်းတစ်ခု ဖြစ်သည်။ ကောင်စီအနေဖြင့် မြန်မာအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းချမှု ပိတ်ပင်မိန့် ပြဋ္ဌာန်းခြင်း၊ မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့ လွှဲပေးခြင်းနှင့် အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့် စစ်တပ်ပိုင် ကုမ္ပဏီများအပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုများ ချမှတ်ခြင်း အပါအဝင် ကုလပဋိညာဉ် အခန်း ၇ အောက်တွင် လေးနက်သော အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်သင့်သည်။

“မြန်မာစစ်အုပ်စုနဲ့ပတ်သက်လို့ ပြစ်တင်ရှုတ်ချ ဒါမှမဟုတ် စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ချက်တွေက မထိရောက်ဘူးဆိုတာကို စစ်အုပ်စုဘက်က ပြသထားပါတယ်” ဟု HRW ၏ ကုလဆိုင်ရာ ညွှန်ကြားရေးမှူး လူးဝစ် ချာဘွန်နူက ပြောသည်။ “ကုလ လုံခြုံရေးကောင်စီရဲ့ ဒီဇင်ဘာ ဆုံးဖြတ်ချက်အပေါ် စစ်အုပ်စုရဲ့ အရေးမလုပ်မှုကို ကြည့်မယ်ဆိုရင် ဒါဟာ လက်နက် ရောင်းချမှု ပိတ်ပင်မိန့် နဲ့ စစ်တပ် အကြီးတန်းအရာရှိတွေနဲ့ စစ်တပ်နဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေလိုမျိုး အားကောင်းတဲ့ အရေးယူဆောင်ရွက်ချက်တွေ ချမှတ်တဲ့ ဆုံးဖြတ်ချက်သစ်တစ်ခု လိုအပ်တယ်ဆိုတာကို ပြသနေတယ်”

ဒီဇင်ဘာလနောက်ပိုင်း အာဏာသိမ်းစစ်အုပ်စု တပ်ဖွဲ့များသည် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာများအပေါ် မီးရှို့တိုက်ခိုက်ခြင်းများ အပြင် ဖမ်းဆီးထိန်းသိမ်းထားသူများကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ အဓမ္မကျင့်ခြင်း၊ ကွပ်မျက်ခြင်းများမှတစ်ဆင့် လူ ၂၆၃ ဦးထက်မနည်းကို သတ်ဖြတ်ထားခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံမှ  သိရသည်။ ထို့ပြင် စစ်အုပ်စုတပ်ဖွဲ့များသည် အလားတူကာလအတွင်း ကျောင်းဆရာ၊ဆရာမများ၊ သံဃာများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ရှေ့နေများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အမတ်များ၊ ပါတီဝင်များနှင့် အကူအညီပေးရေးလုပ်သားများ အပါအဝင် လူပေါင်း ၄၈၆ ဦးထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လူပေါင်း ၄၀၁ ဦးထက်မနည်းကို ပြစ်ဒဏ်ချမှတ်ခဲ့သည်။

အာဏာသိမ်းစစ်အုပ်စုက အတိုက်အခံ လှုပ်ရှားမှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် ရာဇဝတ်သားပမာ ဆက်ဆံပြုမူရန် တိုးချဲ့ပြဋ္ဌာန်းခဲ့သည့် “အကြမ်းဖက်မှု” သို့မဟုတ် “သွေးထိုးလှုံ့ဆော်မှု” ပြဋ္ဌာန်းချက်များအောက်တွင် ပြစ်ဒဏ်စီရင်မှု အများစုသည် ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ်တစ်သက်အကြား ပြစ်ဒဏ်များ ကျခံရနိုင်သည်။

အာဏာသိမ်းစစ်အုပ်စုသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများမြောက်သည့် တရားဥပဒေကို ကျော်လွန် သတ်ဖြတ်ခြင်းများ၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် မတရား အကျဉ်းချခြင်း အပါအဝင် အရပ်သားပြည်သူများအပေါ် အကွက်ကျကျ ချိုးဖောက်ကျူးလွန်မှုများကို ကျူးလွန်ထားသည်။ 

အရပ်သားများနှင့် ကျေးရွာများအပေါ် တိုက်ခိုက်မှု အများအပြားသည် သိရသရွေ့ စစ်ရာဇဝတ်မှုများ ဖြစ်သည်။ ၂၀၂၁ ဖေဖေါ်ဝါရီနောက်ပိုင်း စစ်အုပ်စု၏ လုံခြုံရေးတပ်ဖွဲ့များသည် လူပေါင်း ၃,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူ ၂၀,၀၀၀ ကျော်ကို မတရား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဖေဖေါ်ဝါရီလတွင် စစ်အုပ်စုသည် ၎င်းတို့ လုပ်ကြံဖန်တီးထားသည့် အရေးပေါ် အခြေအနေ ကြေညာထားမှုကို နောက်ထပ် ခြောက်လ သက်တမ်းတိုးခဲ့ပြီး ထို့နောက် တိုင်းနှင့် ဒေသ အများအပြားရှိ မြို့နယ်သစ် ၄၀ တွင် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ကာ ထိုမြို့နယ်များအတွင်း စီမံခန့်ခွဲမှုနှင့် တရားစီရင်ရေး အာဏာကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၏ အကြီးအကဲများထံ လွှဲပြောင်းပေးထားသည်။

လုံခြုံရေးကောင်စီ၏ ဒီဇင်ဘာ ဆုံးဖြတ်ချက်သည် “လူသားချင်းစာနာမှု အကူအညီများ အပြည့်အဝ၊ ဘေးကင်းစွာနှင့် အဟန့်အတားမရှိ ဝင်ထွက်ခွင့် ရရေး” တောင်းဆိုသလို “ပြည်တွင်း နေရပ်စွန့်ခွာရသူဦးရေ သိသိသာသာ မြင့်တက်လာခြင်းနှင့် လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်များ ကြီးထွားလာခြင်း” တို့အပေါ် အလွန်တရာ စိုးရိမ်ကြောင်း ပြောထားသည်။ သို့သော် မြန်မာစစ်အုပ်စုသည် စုပေါင်း ပြစ်ဒဏ်ပေးမှု ပုံစံဖြင့် အကူအညီလိုအပ်နေသူများထံ အကူအညီများ ရောက်ရှိစေခြင်း မရှိစေရေး ဟန့်တားရန် လူသားချင်းစာနာမှု အကူအညီများအပေါ် ပိတ်ဆို့မှုများကို တိုးမြှင့်လုပ်ဆောင်နေသည်။ ကုလ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အတည်ပြုပြီးနောက်ပိုင်း မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့၌ စစ်အုပ်စု၏ စစ်ဆင်ရေးများကြောင့် အရပ်သားပြည်သူ ၁၅၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်ဖြစ်ရာ အာဏာသိမ်းမှုနောက်ပိုင်း နေရပ်စွန့်ခွာရသူဦးရေ စုစုပေါင်းကို ၁ ဒသမ ၃ သန်းအထိ ရှိလာစေခဲ့သည်။ လက်နက်ကိုင် တိုက်ပွဲများကြောင့် နိုင်ငံ၏ မြို့နယ်များအနက် ၈၀ ရာခိုင်နှုန်းနီးပါးအပေါ် ထိခိုက်သက်ရောက်စေခဲ့သည်။

မြန်မာစစ်အာဏာသိမ်းမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ၂၀၂၁ ဧပြီလက ဘုံသဘောတူညီချက် ငါးချက်ကို အတည်ပြုသဘောတူခဲ့သော အာဆီယံနှင့်ပတ်သက်ပြီး ရည်ညွှန်းချက်အများအပြားလည်း လုံခြုံရေးကောင်စီ၏ ဒီဇင်ဘာ ဆုံးဖြတ်ချက်တွင် ပါဝင်သည်။ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် ထို အာဆီယံဘုံသဘောတူညီချက် ငါးချက်၏ တစ်ချက်စီတိုင်းကို ပယ်ချထားခဲ့ပြီး တချိန်တည်းမှာပင် အာဆီယံအုပ်စုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက လိုက်လျောပေးထားခြင်းအပေါ် အပြည့်အဝ အသုံးချနေသည်။ ယခုနှစ် အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားအနေဖြင့် မြန်မာစစ်အုပ်စုကို ပိုပြီး ထိရောက်စွာဖြင့် သီးခြားအထီးကျန်စေရေးအတွက် အာဆီယံအုပ်စု၏ လုပ်နည်းကိုင်နည်းကို မတူညီသော လမ်းကြောင်းဖြင့် သွားသင့်သည်။ တစ်ချိန်တည်းမှာပင် မြန်မာစစ်အုပ်စုထံ ဝင်ငွေနှင့် လက်နက်များ စီးဝင်မှုကို ပိတ်ပင်ရန် အခြားသော နိုင်ငံများ၏ အားထုတ်မှုများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် လုံခြုံရေးကောင်စီ၏ ထပ်တိုး ဆောင်ရွက်ချက်များအတွက် အာဆီယံ၏ ထောက်ခံအားပေးမှုကို ရရှိရေး တောင်းခံသင့်သည်။

“အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးတွေဟာ အတိုက်အခံတွေကို ချေမှုန်းဖို့ ကြိုးပမ်းတဲ့အနေနဲ့ မြေလှန်စနစ်ကို လုပ်ဆောင်ထားတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော့လ်ကာ တာ့ခ်က ယခုလအစောပိုင်းက ပြောသည်။ “ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆက်ရနေတာကြောင့် ပိုမို ရဲတင်းလာနေတဲ့ စစ်တပ်ဟာ နိုင်ငံတကာ တာဝန်ဝတ္တရားတွေနဲ့ စည်းမျဉ်းတွေကို အရေးမစိုက်ဘူးဆိုတာကို ဆက်တိုက် ပြသထားခဲ့တယ်။ ဒီ မြန်ဆန်တဲ့ ဘေးဆိုးတစ်ခုကို အဆုံးသတ်စေဖို့ အရေးတကြီး ခိုင်မာတဲ့ အရေးယူလုပ်ဆောင်ချက် လိုနေပါတယ်” ဟု ၎င်းက ပြောသည်။

အာဆီယံဘုံသဘောတူညီချက် ငါးချက်နှင့် လုံခြုံရေးကောင်စီ၏ ဒီဇင်ဘာဆုံးဖြတ်ချက်အပေါ် စစ်အုပ်စုဘက်က ပြောင်ပြောင်တင်းတင်း လေးစားလိုက်နာမှု မရှိသည့်အတွက် ကုလ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များအနေဖြင့် စစ်အုပ်စုက နေ့စဉ်နှင့်အမျှ ကျူးလွန်နေသော နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ ချိုးဖောက်မှုများနှင့် ကြီးလေးသော ချိုးဖောက်မှုများကို တန်ပြန်ရန်အတွက် ယနေ့ ဆွေးနွေးပွဲကို အသုံးချပြီး ခိုင်လုံသော လုပ်ဆောင်ချက်များ ထုတ်ဖော်သွားသင့်သည်။

“စစ်အုပ်စုရဲ့ သတ်ဖြတ်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဥပဒေမဲ့ ဖမ်းဆီးမှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေမှုအရ စစ်အုပ်စုအပေါ် ပိုပြီး ပစ်မှတ်ထား အရေးယူဆောင်ရွက်ဖို့ လိုနေပြီ ဆိုတာကို ကုလ အထူးသံတမန်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့က လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို ရှင်းရှင်းလင်းလင်း သိစေသင့်တယ်” ဟု ချာဘွန်နူက ပြောသည်။ “စစ်အုပ်စုရဲ့ ငွေကြေးနဲ့ လက်နက် ရရှိမှု လမ်းကြောင်းတွေကို ဖြတ်တောက်တာက နိုင်ငံမှာ နေ့စဉ် ကျူးလွန်နေတဲ့ ရက်စက်၊ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို တားဆီးနိုင်မယ့် အရေးပါတဲ့ နောက်ထပ် ခြေလှမ်းတစ်ခုဖြစ်တယ်”

(ကိုလူအေး ဘာသာပြန်သည်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required