မတူပီမြို့နယ်အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၇ ဦး သေဆုံး

By ပါခွီး (မဇ္စျိမ)
22 January 2023
မတူပီမြို့နယ်အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၇ ဦး သေဆုံး

ဇန်နဝါရီလ ၂၂ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း တိုက်ပွဲငါးကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ၁၇ ဦး သေဆုံးပြီး MA 1 သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) CDF – Matupi က ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်မှစတင်ပြီး မတူပီ-မင်းတပ်လမ်းပေါ်ရှိ စစ်ကောင်စီတပ်၏ ရှေ့တန်းကာကင်းစခန်းအား အထူးစစ်ဆင်ရေးတစ်ရပ်အနေဖြင့် CDF–Matupi တပ်ရင်း(၁)မှ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး အရေးနိမ့်လာသော စစ်ကောင်စီတပ်သားများရှိသည့် ကာကင်းစခန်းသို့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မြို့တွင်းမှ စစ်ကူလာသော စစ်ကြောင်းကိုလည်း ချင်းကာကွယ်ရေးတပ်မှ ထပ်မံ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းဆိုသည်။

“ကျနော်တို့ ကာကင်းကိုတက်စီးတဲ့အချိန်မှာ သေနတ်တစ်လက်ရခဲ့တယ်။ သေဆုံးတဲ့ အရေအတွက်က မျက်မြင်အတည်ပြုလို့ရတာကိုပဲ ထုတ်ပြန်တာပါ။ ဒီထက်မက သေဆုံးနိုင်တယ် ဒဏ်ရာရတဲ့သူတွေ လည်း အများအပြားရှိပါတယ်” ဟု CDF–Matupi တပ်ရင်း(၁) စစ်ရေး ဒုဌာနမှူး ကိုနွေဦးလင်းမှ မဇ္စျိမကို ပြောသည်။

အဆိုပါတိုက်ပွဲနှစ်ခုကို CDF–Matupi တပ်ရင်း(၁)မှ ဗိုလ်လင်းယုန်ဦးစီပြီးတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် မှ ကိုးဦးသေဆုံးပြီး ဒဏ်ရာအများအပြားရရှိသွားကာ ချင်းကာကွယ်တပ်ဖွဲ့မှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ပြီး ရန်သူ့ MA1 သေနတ်တစ်လက် သိမ်းပိုက်ရရှိခဲ့ကြောင်းဆိုသည်။

ယင်းနေ့ မွန်းလွဲ ၂ နာရီမှ ၄ နာရီအတွင်းတွင်လည်း မတူပီ - ဟားခါးလမ်းပေါ်ရှိ CDF – Matupi တပ်ရင်း (၂)ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးပြီး ငါးဦးဒဏ် ရာရရှိသွားကြောင်း ထုတ်ပြန်ထားသည်။

မတူပီ-ဟားခါးလမ်းပေါ်ရှိ ငလိုင်ကျေးရွာတွင် ရှေ့ကင်းစခန်းချထားသော CDF–Matupi စခန်းကို စစ်ကောင်စီတပ်မှ သာလွန်အင်အားဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးပြီး လက်နက်ခဲယမ်းအချို့နှင့် လူ့အသုံးအဆောင်ပစ္စည်းများ ဆုံးရှုံးခဲ့ရသည်။

ယင်းနောက်စစ်ကောက်စီတပ်များသည် ဒေသခံများနေထိုင်ခြင်းမရှိတော့သည် ငလိုင်ကျေးရွာတွင် တပ်စွဲ ထားပြီး နေအိမ်များဖောက်ထွင်းခြင်း ၊ မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

ယင်းအတွက် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် CDF- Matupi ၊ CDF – Mara နှင့် CDF – Zotong တပ်များ စုပေါင်းပြီး ငလိုင်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းအား ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

“သူတို့ရဲ့ ဆုတ်လမ်း ခလရ ၁၄၀ ဆိုတာ မတူပီ-ဟားခါးလမ်းပေါ်မှာရှိတာ။ အဲဒါကို ကျနော်တို့က သုံးနေရာကနေစောင့်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ” ဟု CDF – Matupu ပြန်ကြားရေးတာဝန်ခံ Aron က မဇ္စျိမ ကိုပြောသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ရှစ်ဦးကျဆုံးပြီး ငါးဦးဒဏ်ရာရရှိကာ ချင်းကာကွယ် ရေးတပ်ပေါင်းစုမှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ကြောင်း သိရသည်။

ချင်းကာကွယ်ရေးရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့သောလည်း အထိနာခဲ့သော စစ်ကောင်စီတပ်သား များသည် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်လျက်ရှိ ကြောင်းသိရသည်။

စစ်ကောင်စီတပ်သားများသည် တပ်စခန်းအတွင်မနေထိုင်ပဲ နယ်မြေရှင်းလင်းရေး၊ စိုးမိုးရေးများ ပြုလုပ် ရန် စစ်ကြောင်းများဆက်လက်ထွက်ခွာမည်ဆိုပါက တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူများ မှ ပြောဆိုသည်။

CDF – Matupi အနေဖြင့် စစ်အာဏာရှင်အမြစ်ဖြတ်ရေးအတွက် ဆုံးခန်းတိုင်အောင် တိုက်ပွဲဝင်သွားမည် ဖြစ်ပြီး ယခုအချိန်သည် တော်လှန်ရေးအရှိန်တစ်ခုသို့ ရောက်လာခဲ့ပြီဖြစ်ကာ ပြည်သူများဘက်မှ ပင်ပန်း မှုများရှိနေသောသော်လည်း ဖက်ဒရယ်ဒီမိုကရေစီရသည်အထိ တိုက်ပွဲဝင်နိုင်ရေး ဝိုင်ဝန်းပံ့ပို့ကူညီပေး ကြပါရန် မေတ္တာရပ်ခံထားသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly