နေပြည်တော်ရှိ စစ်ကောင်စီတပ်ရင်းကို PDFက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

By 001 (မဇ္စျိမ)
14 March 2023
နေပြည်တော်ရှိ စစ်ကောင်စီတပ်ရင်းကို PDFက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

နေပြည်တော် ၊ လယ်ဝေးမြို့နယ်၊ အောင်နန်းချိုရွာအနီးရှိ စစ်ကောင်စီတပ်၏ အမှတ် (၆၀၄) ခြေမြန်တပ်ရင်းကို မတ်လ ၁၃ ရက်နေ့ ည ၇ နာရီဝန်းကျင်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နေပြည်တော် PDFထံမှ သိရသည်။

“မစ်ဇိုင်းလေးစင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ပစ်မှတ်တည့်တည့်ကို တစ်စင်းမှန်ပြီး ကျန်တဲ့သုံးစင်းကတော့ တပ်ရင်းအနီးနားမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ တစ်စင်းက တပ်ရင်းအတွင်းထိ ကျရောက်ပြီးတော့ ပစ်မှတ်က အဆောက်အဦတစ်လုံးကို ထိမှန်ပါတယ်”ဟု နေပြည်တော် PDFကပြောသည်။

စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုအခြေအနေအသေးစိတ်ကို မသိရှိရသေးကြောင်းနှင့် အဆိုပါ တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်က အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှုရှိကြောင်း နေပြည်တော်မှ PDFမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လွန်ခဲ့သည့်တစ်လကလည်း နေပြည်တော် ၊ လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အစပ်တွင်ရှိသော စစ်ကောင်စီ၏ အမှတ် (၂၀၃၁) လေကြောင်းရန်ကာကွယ်ရေးတပ်ကို PDFက လက်နက်ကြီးဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။

“NUGကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုအတိုင်း စစ်ရေးစစ်ချိန်တင်ဆောင်ရွက်မှုများ လုပ်ဆောင်သွားမယ်ဆိုတာပြောချင်ပါတယ်။ နေပြည်တော်ကို တော်လှန်ရေးအင်အားစုများက ဝိုင်းပတ်ခြိမ်းခြောက်သိမ်းပိုက်နိုင်အောင်လုပ်ဆောင်သွားပါမယ်”ဟု နေပြည်တော် PDFမှ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်တွင် လုံခြုံရေးတိုးမြှင့်ထားသည့်ကြားမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ရွှေကြာပင်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးနေအိမ်၊ ကြံ့ခိုင်ရေးပါတီဝင် ဦးမြညိမ်းနေအိမ်၊ ဧရာဝတီလမ်းပေါ်ရှိ Mandalay Paradise စားသောက်ဆိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်လမ်းနှင့် ချိုင်းရွာလမ်းဆုံမှ စစ်ကောင်စီစစ်ဆေးရေးဂိတ်တို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#နေပြည်တော်

#PDF

#လက်နက်ကြီး

#လယ်ဝေးမြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly