Home
မြန်မာသတင်း
ကေအန်ယူဥက္ကဋ္ဌ လိုက်ပါလာသည့်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
March 9, 2023

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၇ နယ်မြေ လှိုင်းဘွဲ့နဲ့ ပိုင်ကျုံမြို့နယ်ခွဲကြားမှာ မတ်လ ၉ ရက် နေ့လယ်ပိုင်းက ကေအန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ ခေါင်းဆောင်တချို့ လိုက်ပါလာတဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်းက ကျေးရွာတွေကို ငြိမ်းချမ်းရေးဆိုင်ရာ ဆန္ဒခံယူပွဲ ပြုလုပ်ဖို့ ကေအန်ယူဌာနချုပ် လေးဝါးကနေ လှိုင်းဘွဲ့မြို့ကို ထွက်ခွာလာရာ လှိုင်းဘွဲ့နဲ့ ပိုင်ကျုံကြားမှာ ယာဉ်တန်းလုံခြုံရေးရှေ့ပြေးယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

ရာဘာခြံလုပ်ကိုင်တဲ့ ဒေသခံတဦးက “မိုင်းပေါက်ကွဲသံက ရာဘာခြံထဲကနေ အကျယ်ကြီး ကြားရတယ်။ လူတဦးတော့ ထိသွားတယ်။ ကျန်တဲ့ခေါင်းဆောင်တွေကားက ဘာမှမဖြစ်ဘူး။ အခုလိုအချိန်မှာ ကရင်ခေါင်းဆောင်ကြီးတွေ သတိနဲ့သွားလာဖို့ လိုအပ်နေပြီ” လို့  ပြောပါတယ်။

အဲဒီတိုက်ခိုက်ခံရမှုကြောင့် မော်တော်ယာဉ်ထိခိုက်ပျက်စီးပြီး လူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကေအန်ယူဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်ခေါင်းဆောင်တွေ တစုံတရာ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ လုံခြုံရေးယာဉ်တန်း အတူလိုက်ပါလာသူတဦးကလည်း ပြောတယ်။

ယာဉ်တန်းနဲ့အတူ ကေအန်ယူဥက္ကဋ္ဌ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ကာကွယ်ရေးဌာနတာဝန်ခံ စောရောဂျာခင်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုစောသမိန်ထွန်း၊ ကေအန်ယူ ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေး၊ KNLA တပ်မဟာ ၇ စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီး စောဒီးကွယ်တို့ ပါရှိလာတယ်လို့ သတင်းရင်းမြစ်တွေက ပြောဆိုပေမဲ့ ကေအန်ယူ ဗဟိုတာဝန်ရှိသူတွေကို ဒီဗွီဘီအနေနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

တပ်မဟာ ၇ နယ်မြေ ဘားအံခရိုင် လှိုင်းဘွဲ့မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့အတူ နယ်ခြားစောင့်တပ် (BGF)၊ KNU/KNLA(PC)၊ DKBA တပ်ဖွဲ့ဝင်တွေ ဝင်ရောက်လှုပ်ရှားနေတဲ့ ဒေသတခု ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024