ထိပ်တန်းအရာရှိအိမ် လေကြောင်းတိုက်ခိုက်ခံရသည်မှာ စစ်ကောင်စီဘက်က သတင်းအမှားရရှိခြင်းဖြစ်နိုင်ဟု DKBAဆို 

By မိုးသောက်(မဇ္ဈိမ)
24 January 2023
ထိပ်တန်းအရာရှိအိမ် လေကြောင်းတိုက်ခိုက်ခံရသည်မှာ စစ်ကောင်စီဘက်က သတင်းအမှားရရှိခြင်းဖြစ်နိုင်ဟု DKBAဆို 

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ၏ ထိပ်တန်းအရာရှိ တစ်ဦး၏ နေအိမ်ကို စစ်ကောင်စီဘက်က သတင်းအချက်အလက် မှားယွင်းရရှိသောကြောင့်သာ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း DKBAက ဆိုသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ရက်နေ့တွင် ကရင်ပြည်နယ် ၊ဘုရားသုံးဆူမြို့နယ်၊ ပြောင်မထိန်ကျေးရွာအုပ်စု၊ ကြိမ်ချောင်းရွာတွင်ရှိသည့် DKBAအမှတ်(၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်း ၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အပေါ်တွင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောစိန်ဝင်းက သတင်းအချက်အလက်အမှားကြောင့် သာဖြစ်နိုင်သည်ဟု  မဇ္ဈိမသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“သူတို့သတင်းအမှားရတယ်ထင်တယ်။ KNUတို့ DKBAတို့ BGF တို့ NUGတို့ တစ်ခုခုလုပ်ဖို့စုရုံးတယ်လို့ သတင်းမှား တစ်ယောက်ယောက်ပေးခဲ့လို့ ဒီလိုတိုက်ခိုက်မှုဖြစ်စဉ်မျိုး ဖြစ်ခဲ့တယ်လို့ကျနော်ယူဆတယ်။ ကျနော်တို့က ပြဿနာကိုမကြီးချင်ဘူးလေ။ ပြဿနာကိုငယ်ချင်တယ်။ ငယ်တဲ့ပြဿနာကိုပပျောက်ချင်တယ်” ဟု ၎င်းကဆိုသည်။ 

အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် နေအိမ်ပျက်စီးသွားခဲ့ပြီး လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း DKBAကအတည်ပြုသည်။ ထိုတိုက်ခိုက်မှုအတွက် ဇန်နဝါရီလ ၂၂ရက်နေ့ နံနက်ပိုင်းတွင်  DKBAထိပ်ပိုင်းခေါင်းဆောင်များသည်  စစ်ကောင်စီဥက္ကဋ္ဌနှင့် တွေ့ဆုံရန်အတွက် အဆိုပြုထားခဲ့သော်လည်း “မအားသေး” ဟုအကြောင်းပြန်ခဲ့သည်ဟု DKBAထံမှသိရသည်။ 

တော်လှန်ရေးအဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲများတွင် လေကြောင်းအသုံးပြုနေသည့် စစ်ကောင်စီသည် ၎င်းနှင့်စဉ်ဆက်မပြတ် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်နေသည့် DKBA ၏ အဆင့်မြင့် အရာရှိတစ်ဦးနေအိမ်ကို လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 
ယခုလေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်မည် မဟုတ်ကြောင်း စောစိန်ဝင်းက ဆိုသည်။ 

DKBAသည် ဘက်မလိုက်သည့် ကြားနေမူဝါဒကို စွဲကိုင်ထားပြီး ရှေ့ကခေါင်းဆောင်များ၏ ညွှန်ကြားချက်များအတိုင်း ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် စစ်ကောင်စီနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသည့်အပြင်  ကရင်အမျိးသားအစည်းရုံး(KNU)နှင့်လည်း တစ်ခါတစ်ရံ တွေ့ဆုံမှုများ ပြုလုပ်လျက် ရှိနေသည်ဟုသိရသည်။ 

DKBA၏မူဝါဒကြောင့်  ၎င်းတို့ထံမှခွဲထွက်ပြီး တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်နေသည့် အဖွဲ့များလည်းရှိနေသည်။ 

အဆိုပါအဖွဲ့များနှင့်ပတ်သက်ပြီး “ နဂိုထဲကကျနော်တို့စည်းကမ်းကို မလိုက်နာရင် ကျနော်တို့ထုတ်ပယ်ထားပြီးသားပဲလေ။ ဒါပေမယ့် ခက်တာကျနော်တို့ထုတ်ပေမယ့် သူတို့ဆီမှာ နဂိုပေးအပ်ထားတဲ့ ဘတ်တံဆိပ်တွေ ပါသွားတဲ့ အခင်းအကျင်းမျိုးမှာ SACအနေနဲ့ ဒီဖြစ်စဉ်မှာ အထင်မှားအမြင်မှားတွေ ရှိနိုင်ကောင်းရှိပါလိမ့်မယ်” ဟု စောစိန်ဝင်းက ပြောသည်။ 

နေပြည်တော် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပုံမှန်တက်ရောက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုမှ အဆင်မြင့်အရာရှိတစ်ဦး၏ နေအိမ်ကို လေကြောင်းဖြင့်တိုက်ခိုက်ခဲ့မှုအပေါ် စစ်ကောင်စီကမည်သို့တုံ့ပြန်မည်နှင့် DKBAဘက်က မည်သို့သဘောထား များရှိလာမည်ကို စောင့်ကြည့်ကြရမည်သာ ဖြစ်သည်။

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required