Wednesday, April 24, 2024

ကျေးသီးမြို့ ဈေးတန်းအတွင်း ဗုံးကျည် တစ်လုံး တူးဖော်တွေ့ရှိ

Must read

သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်၊ ကျေးသီးမြို့ မြို့မဈေးတန်းအတွင်း မြေတူးရာမှ ဗုံးကျည် တစ်လုံး တူးဖော်တွေ့မိကြောင်း စုံစမ်းသိရသည်။

Photo credit to Sai Zwm Kham (တူးဖော်တွေ့ရှိသည့် ဗုံးကျည်)

ယမန်နေ့ မေလ ၁၅ ရက်နေ့ မနက်ပိုင်းအချိန်တွင် ကျေးသီးမြို့မ ဈေးအတွင်း ဈေးတန်းသစ် တည်ဆောက်ရန် အတွက် မြေကျင်းတူးရာမှ နှစ်ပေါင်း ၈၀ နီးပါးရှိသည့် ဗုံးကျည် တစ်လုံးကို တွေ့ရှိခြင်း ဖြစ်ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဈေးဆိုင်ခန်းသစ်အတွက် Foundation လုပ်ဖို့ မြေ အနက် ၃ ပေ လောက်တူးပြီးတဲ့အချိန်မှာ အဲ့ဗုံးကို စတွေ့တာ ဖြစ်တယ်၊ သက်ဆိုင်ရာကနေ တပ်ကို အကြောင်းကြားတော့ ခိုလမ်တပ်က လက်နက်ပိုင်းကျွမ်းကျင်သူတွေ လာကြည့်တာ၊ ဒီဗုံးက အင်္ဂလိပ်ခေတ်က သုံးတဲ့ နှစ်ပေါင်း ၈၀ နီးပါးရှိတဲ့ USA ဗုံးဖြစ်တယ်လို့ ပြောသွားတယ်” ဟု ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo credit to Sai Zwm Kham (တူးဖော်တွေ့ရှိသည့် ဗုံးကျည်)

အဆိုပါ ဗုံးသည် အရှည် ၃ ပေခွဲ နီးပါးရှိနေပြီး လုံးချင်းပတ်လည် ၁ ပေခွဲခန့်ရှိကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

လက်ရှိတွင် ဗုံးကို ဈေးတွင်းမှ သယ်ပြီး မြို့ပြင်တွင် သွားရောက်မြှုပ်နှံရန်အတွက် ပြင်ဆင်လက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

“တပ်ကတော့ သယ်မသွားပါဘူး၊ သူတို့က နှစ်ပေါင်းက ကြာနေပြီ မပေါက်ကွဲနိုင်တော့ဘူးဆိုပြီး ပြောသွားလို့ ကျနော်တို့က အဲ့ဗုံးကို သယ်ပြီး မြို့ပြင်ဘက်မှာ သွားမြှုပ်ဖို့ ပြင်ဆင်နေပါတယ်” ဟု ၎င်းက ဆိုသည်။

Photo credit to Sai Zwm Kham (တူးဖော်တွေ့ရှိသည့် ဗုံးကျည်)

အဆိုပါ ဗုံးသည် နှစ်ပေါင်း ၈၀ သက်တမ်းရှိ USA တံဆိပ်ပါ ဗုံးဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။

မြေမြှုပ်မိုင်းများ ၊ လက်နက်ကြီးများ စသဖြင့် မပေါက်ကွဲသေးသော စစ်ကျန်ပစ္စည်းများကို သက်ဆိုင်ရာ ကျွမ်းကျင်သူများ မပါရှိဘဲ ထိတွေ့ကိုင်တွယ်ခြင်း၊ တီးခေါက်ခြင်းများ မပြုလုပ်ကြရန် UNICEF နှင့် ၎င်း၏ မိတ်ဖက် အဖွဲ့အစည်းများက အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ၂၀၂၀ ခုနှစ် အထိ အစီရင် ခံစာအရ မြေမြှုပ်မိုင်း နှင့် စစ်ကျန် ပေါက်ကွဲ ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု စုစုပေါင်း ၃၆၈ ခု ရှိနေပြီး သျှမ်းပြည်သည် ထိခိုက်၊ ဒဏ်ရာရမှု အများဆုံးအဖြစ် (၁၂၁) ခု ရှိနေကြောင်း သိရသည်။

ဒေသအလိုက်အနေဖြင့် သျှမ်းပြည်တွင် မြေမြှုပ် မိုင်းနင်းမိသူ (၄၂) ရာခိုင်နှုန်းရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းတွင် (၁၂) ရာခိုင်နှုန်း၊ ရခိုင်တွင် (၁၁) ရာခိုင်နှုန်း၊ ကချင်တွင် (၁၀) ရာခိုင်နှုန်း နှင့် ကရင်တွင် (၇) ရာခိုင်နှုန်းရှိပြီး သျှမ်းပြည်သည် အများဆုံး ဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article