ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှု ၉ မှု စစ်ကောင်စီလက်အောက်ခံ တရားလွှတ်တော်ချုပ် ပယ်ချ

By 001 (မဇ္စျိမ)
12 March 2023
ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှု ၉ မှု စစ်ကောင်စီလက်အောက်ခံ တရားလွှတ်တော်ချုပ် ပယ်ချ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှု ကိုးမှုကိုစစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပြီးခဲ့သည့် ဖေဖော်ဝါရီလနောက်ဆုံးအပတ်က အပြီးသတ်စီရင်ချက်ချမှတ်ပြီး ပယ်ချလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲအမိန့်ချထားသည့် ပို့ကုန် သွင်းကုန်အမှု၊ ဆက်သွယ် ရေး အမှု၊ သဘာဝဘေး နှစ်မှု၊ ပုဒ်မ ၅၀၅(ခ)နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စနှင့် ဆက်စပ်စွဲဆိုထားသည့် အမှုလေးမှု၏အယူခံများကို အောက်တရားရုံးများကပယ်ချခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်ဘက် က ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အယူခံ အဆင့်ဆင့် တက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချလိုက်သည့်အမှုများတွင် သမ္မတဦးဝင်းမြင့်၏ အမှုနှစ်မှုလည်း ပါဝင်သည်။
ထိုသို့ ပယ်ချလိုက်သည့်အမှုများကို အထူးအယူခံ ဆက်တက်ရန်အတွက် လက်ရှိတွင် ပြင်ဆင်နေကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင်တို့အနေဖြင့် ၎င်းတို့အပေါ် စွပ်စွဲအမိန့်ချမှတ်ထားသည့်အမှုများအားလုံးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အဆင့်ဆင့် အယူခံတက်လျက်ရှိသော်လည်း ယင်းအမှုများ အားလုံး ပယ်ချခံရလျက်ရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အဂတိအယူခံ နှစ်မှုကို စစ်ကောင်စီလက်အောက်ခံတရားလွှတ်တော်ချုပ်က အယူခံအခွင့်အရေးမပေးဘဲ ပလပ်ခဲ့သေးသည်။
လက်ရှိတွင် အသက် ၇၈ နှစ်အရွယ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရသည်။
နေပြည်တော်အချုပ်ထောင်တွင် ထိန်းသိမ်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမှုကိစ္စများဆွေးနွေးနိုင်ရန်အတွက် တွေ့ဆုံခွင့်ပေးရန် ရှေ့နေအဖွဲ့က ပြီးခဲ့သည့် ဇန်နဝါရီလဒုတိယ ပတ်က စစ်ကောင်စီထံ တင်ပြထားသော်လည်း လက်ရှိအချိန်အထိ တွေ့ဆုံခွင့်မပေးသေးသည့်အတွက် လာမည့်တစ်ပတ်တွင် စာဖြင့် ထပ်မံတင်ပြရန်ပြင်ဆင်နေကြောင်းလည်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required