Friday, April 19, 2024

ကျောက်မဲမြို့နယ် မိုင်းပေါက်ကွဲပြီး အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရ

Must read

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်အတွင်း မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ငါးမျှားထွက်သည့် အမျိုးသား နှစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရသွားကြောင်း သတင်းသိရသည်။

မိုင်းထိထားသည့် ဒဏ်ရာ

ယမန်နေ့ (မတ်လ ၁၄) ရက် ည ၇ နာရီဝန်းကျင်တွင် ကျောက်မဲမြို့နယ် ခိုယောင်းကျေးရွာမှ အမျိုးသား နှစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာများ ရရှိနေကြောင်း ရွာသားများ၏ ဖုန်းဆက် အကြောင်းကြားမှုကြောင့် နမ့်ခုံး ပရဟိတ အသင်းမှ သွားရောက်သယ်ဆောင်ခဲ့ရကြောင်း သိရသည်။

“အမျိုးသား နှစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာရထားလို့ ဆေးရုံကို ပို့ပေးဖို့ ဖုန်းဆက်လာတယ်၊ အဲ့ကြောင့် လူနာကို သွားသယ်တာပေါ့နော်၊ ကျနော်တို့ကို ဖုန်းဆက်လာတဲ့ အချိန်က ၇ နာရီ လောက်ရှိပြီ၊ စဖြစ်တာက ညနေ ၅ ခွဲ လောက်မှာ ဖြစ်တယ်လို့ ပြောတယ်၊ ရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ ချောင်းမှာ ငါးမျှားသွားရင်း မိုင်းနင်းမိတာတဲ့” ဟု လူနာကို သွားရောက်သယ်ခဲ့သည့် နမ့်ခုံးပရဟိတအသင်းမှ ပြောရေးဆိုခွင့် ဦးစိုင်းလွမ့်ခေးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းထိထားသည့် ဒဏ်ရာ

အဆိုပါ မိုင်းပေါက်ကွဲမှုသည် ကျောက်မဲမြို့နယ် ခိုယောင်းကျေးရွာရှိ နမ့်ဆွမ်ချောင်းအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ငါးမျှားရန်သွားသည့် အမျိုးသား နှစ်ဦးမှ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းနင်းမိသူ အမျိုးသား နှစ်ဦးသည် ခိုယောင်းဒေသခံ စိုင်းလိန် အသက် ၂၈ နှစ် နှင့် စိုင်းအိုက်လမ် အသက် ၁၉ နှစ် ဖြစ်ပြီး စိုင်းအိုက်လမ်၏ ထိခိုက်ဒဏ်ရာရမှု များပြားသဖြင့် ကျောက်မဲဆေးရုံမှ လားရှိုးမြို့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးရကြောင်း နမ့်ခုံးပရဟိတအသင်း ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလွမ့်ခေးက ဆက်ပြောသည်။

“စိုင်းလိန်ဆိုတဲ့ တစ်ယောက်က ခြေထောက်၊ ရင်ဘတ်တွေ ထိထားတယ်၊ ဒဏ်ရာက သိပ်မပြင်းတော့ ကျောက်မဲ မှာပဲ ကုထားတယ်၊ စိုင်းအိုက်လမ်ကျတော့ ခြေထောက်၊ ခါး နဲ့ ညာဘက်လက်တွေက တော်တော်ကြီး ထိထားတယ်၊ ပြီးတော့ မျက်လုံးလည်းမဖွင့်နိုင်ဘူး၊ ဒါကြောင့် လားရှိုးဆေးရုံကြီးကို ညတွင်းချင်း ပို့ပေးရတယ်” ဟု ဦးစိုင်းလွမ့်ခေးက ဆိုသည်။

ကျောက်မဲမြို့နယ်အတွင်းသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်များဖြစ်ကြသည့် RCSS နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ SSPP ၊ TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက် မြေမြှုပ်မိုင်း အန္တရာယ်များလည်း ဆက်လက်ရှိနေခြင်း ဖြစ်သည်။

ယင်းကဲ့သို့ မြေမြှုပ်မိုင်း နင်းမိသော်လည်း မည်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မှ တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article