spot_imgspot_imgspot_imgspot_img
Sunday, June 2, 2024
spot_imgspot_imgspot_imgspot_img

နယ်စပ်စစ်ရှောင်စခန်းမှာ ရေရှားပါးမှုကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်လာမှာကို စိုးရိမ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်း – ကရင်နီနယ်စပ် စစ်ရှောင်စခန်း တစ်နေရာမှာ နွေရာသီကာလရောက်ရှိလာပြီဖြစ်တဲ့အတွက် ရေရှားပါးမှုနဲ့ ကြုံတွေ့နေရပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလာမှာကို စိုးရိမ်နေရတယ်လို့ စစ်ရှောင်စခန်းရဲ့ ကျန်းမာရေးတာဝန်ခံ ဆရာမ အက်စတာက ပြောပါတယ်။

“ရေရှားပါးလာမယ် ရေပြတ်လပ်မယ် ဆိုလို့ရှိရင်တော့ ကျမတို့ ကျန်းမာရေးအနေနဲ့ပေါ့နော် အများကြီးတော့ ထိခိုက်နိုင်တယ်။ သို့ပေမယ့် ကျမတို့ အဓိကပေါ့နော် ပိုပြီးတော့မှ ထိခိုက်နိုင်ခြေရှိတာကတော့ ကျမတို့ ဒီ ဝမ်းပျက်ဝမ်းလျှောရောဂါ အနေနဲ့ ဖြစ်ပွားပြီးတော့မှ ရောဂါဖြစ်ပွားမှုနှုန်း မြင့်လာနိုင်တယ်။ အဲ့ဒီကနေ နောက်ဆက်တွဲ အနေနဲ့လဲ သေဆုံးမှုတွေ ဖြစ်လာနိုင်တာပေါ့” လို့ စစ်ရှောင်စခန်းရဲ့ ကျန်းမာရေးတာဝန်ခံ ဆရာမ အက်စတာက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ လက်ရှိ ရေသိုလှောင်ထားတဲ့ကန် ၂ ကန် ရှိပေမဲ့ ရေလုံလောက်မှုမရှိတာကြောင့် စစ်ရှောင်စခန်းနဲ့ ဝေးတဲ့ ရေရှိတဲ့ နေရာတွေမှာ သွားရောက် ခပ်ယူရတယ်လို့ စစ်ရှောင်စခန်းရဲ့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“လောလောဆယ် ကျနော်တို့ လုပ်ထားတဲ့ ရေကန် တစ်ကန် နှစ်ကန်ကတော့ ဒီ ၂ ပိုင်း လကုန် အထိတော့ ရှိအုံးမှာပေါ့နော်။ အဲ့ဒီ ၃ လပိုင်း၊ ၄ လပိုင်း နောက်ပိုင်းကျရင်တော့ ရေ အဝေးကြီး သွားခပ်ရမှာပေါ့။ ဒီ အနီးအနားကတော့ ဒီတစ်လ လကုန်တာနဲ့ ရေကတော့ခမ်းလောက်ပြီ။ ခြေလျင်နဲ့ဆိုရင်တော့ ကျနော်တို့ ၄၅ မိနစ်တော့ သွားရတာပေါ့” လို့ သူက ပြောပါတယ်။

ရေကို ချွေတာသုံးစွဲနေတာကြောင့် လူတစ်ဦးမှာ သောက်သုံးရမယ့် ရေပမာဏအထိ မသောက်နိုင်လျှင် မိိခင်တွေနဲ့ကလေးငယ်တွေမှာ နောက်ဆက်တွဲဆိုးကျိုး ရှိလာနိုင်တယ်လို့ ဆရာမ အက်စတာက ဆက်ပြောပါတယ်။

“နို့ရည်လုံလောက်မှု မရရှိတဲ့အချိန်မှာ နောက်ဆက်တွဲအနေနဲ့ ရေဓာတ် ခမ်းခြောက်နိုင်တယ်။ ပြီးလို့ရှိရင် အာဟာရ ချို့တဲ့တာတွေ ဖြစ်လာတယ် မိခင် နို့ရည် ကောင်းကောင်းမထွက်ခဲ့ရင်ပေါ့။ အဲ့ဒါကြောင့် ကလေးအတွက်တော့ အန္တရာယ်ရှိတယ် ကလေးက သူရဲ့ ခံနိုင်ရည် က လူကြီးတွေနဲ့ မတူတဲ့အတွက်ကြောင့် သူက လိုအပ်တဲ့ ရေဓာတ်တွေ ရရှိဖို့ လိုအပ်တာပေါ့နော်။ “ လို့ သူက ပြောပါတယ်။

တစ်နေ့ကို လူတစ်ဦး သောက်သုံးရမယ့် ရေပမာဏာမှာ ရေ ၁ လီတာ ကနေ ၃ လီတာ အထိ ဆိုပေမဲ့ ထမင်း၊ ဟင်း ချက်ပြုတ်ရေးအတွက်သာ အဓိကထား သုံးစွဲနေရတယ်လို့ ဆိုပါတယ်။ စစ်ရှောင်နေတဲ့နေရာမှာ ရေရှားပါးပြီး တစ်ကိုယ်သန့်ရှင်းရေး မပြုလုပ်နိုင်တဲ့အတွက် အရေပြားအနာဖြစ်ပွားမှုလည်း များပြားနေတယ်လို့ သိရပါတယ်။ အဲ့ဒီ နယ်စပ်စစ်ရှောင်စခန်းမှာ လူဦးရေ ၂၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts