Home
မြန်မာသတင်း
စာသင်ကျောင်းများအား တိုက်ခိုက်သည့် စစ်တပ်ကို အရေးယူရန် IEC တောင်းဆို
DVB
·
February 6, 2024
DeeMawSo LoiNanPha air strke SAC_06022024

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း ကျေးရွာတွေက စာသင်ကျောင်း ၂ ကျောင်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီကို အရေးယူဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က တောင်းဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၅ ရက် မနက် ၁၀ နာရီကစပြီး ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေါဆီအီကျေးရွာနဲ့ လွိုင်နန်ဖကျေးရွာက စာသင်ကျောင်း ၂ ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ၁၀ ကြိမ်၊ လက်နက်ကြီးနဲ့ ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် ကလေး ၄ ဦး၊ လူကြီး ၁ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်အကူအညီပေးနေသူတွေဆီက သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုဟာ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CRC) အရ “ကလေးတိုင်းတွင် ပင်ကိုဗီဇအဖြစ် အသက်ရှင်နေထိုင်ခွင့်ရှိသည်” ဆိုတဲ့အချက်နဲ့ ဂျီနီဗာသဘောတူညီချက်တွေကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာလို့ IEC ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင်က “အခြေခံအားဖြင့် လက်ရှိကျူးလွန်မှုအပေါ်မှာ တုံ့ပြန်ပြောဆိုတာဖြစ်သလို နိုင်ငံတကာရဲ့ အကူအညီကို NUG နဲ့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ပါ။ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပေါ့၊ စစ်တပ်က ဒီလုပ်ရပ်မျိုးကို နေရာတကာမှာ လုပ်တယ်။ စနစ်တကျကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာပါ။ သေစေလိုတဲ့ မျိုးနွယ်စုအပေါ် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အတိဒုက္ခဖြစ်အောင် လုပ်သွားတဲ့အတွက် war crime against humanity မြောက်ပါတယ်” လို့ ပြောပါတယ်။

အခုအကြမ်းဖက်တိုက်ခိုက်မှုဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့ ဓလေ့ထုံးစံဥပဒေများအပေါ် ဆိုးဝါးတဲ့ ချိုးဖောက်မှုဆိုင်ရာ ရောမသဘောတူစာချုပ်အရ (Rome Statute) စစ်ရာဇဝတ်မှုမြောက်တဲ့လုပ်ရပ် ဖြစ်တယ်လို့ IEC ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024