မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကို ကာကွယ်ရေးအဖွဲ့ ရှေ့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

လွှမ်းမိုး

(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(န.မ.ခ) တိုင်းရုံးနှင့် အမတ(၅၀၈) တပ်ရင်းတို့ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော်(SAF)ထံမှ သိရသည်။

“အလုံး ၄၀ ကျော် ပစ်ခတ်တာ၊ ပစ်မှတ်လွဲချော်တာ သုံးလုံးလောက် ရှိပါတယ်။ ကျန်တဲ့ဟာတွေက ပစ်မှတ်အနီးကို ကျရောက်ပါတယ်”ဟု ကျောင်းသားလက်ရုံးတပ်တော်(SAF) တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ၏ အမတ(၅၀၈) အမြောက်တပ်မှ ပြန်လည်ပစ်ခတ်မှုရှိခဲ့ပြီး တောင်ပလူကျေးရွာရှိဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရှိကာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာရရှိသည့် အခြေအနေရှိသည်ဟု ၎င်းကပြောသည်။

ယင်းသို့ပစ်ခတ်တိုက်ခိုက်မှုနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ တစုံတရာတုန့်ပြန်လာခြင်း မရှိသေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

တိုက်ခိုက်မှုအတွင်း န.မ.ခ စစ်တိုင်းရုံးမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် အမတ(၅၀၈) မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူများလည်းရှိသည်ကို သတင်းအတည်ပြုနိုင်ခဲ့သည်ဟု ကျောင်းသားလက်ရုံးတပ်တော် SAF ဗဟိုကော်မတီ တာဝန်ရှိသူက ပြောသည်။

ထိခိုက်သေဆုံးသည့် အခြေအနေနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ တိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ PACMPT ရွေ့လျားထုတ်လုပ်ရေး နည်းပညာအဖွဲ့ ၊ NAADF ၊ ယင်းမာပင်ခရိုင် အမှတ်(၃၇) တပ်ရင်း ၊ စစ်ကိုင်း တပ်ရင်း(၃) ၊ မုံရွာ ပ.လ.ဖ (ပြည်သူ့လုံခြုံရေးအဖွဲ့) နှင့် Anonymous Hero’s တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင်လည်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်(န.မ.ခ) ဝန်း အတွင်းရှိ အရာရှိ ရိပ်သာဆောင် ၊ ထောက်ပို့တပ်ရင်းနှင့် စရဖရုံးတို့ ကို ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ