ပဲခူးရိုးမအတွင်း စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွား

ရွှေနွယ်

(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ပဲခူးရိုးမပေါ်တွင် ဖေဖော်ဝါရီလ ၁၈ ရက် ယမန်နေ့က တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း−စိန်ကန့်လန့်ရိုးမဖြတ်ကျော်လမ်းမှ ခါချဥ်တောင်သို့ စစ် ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၃၈၀၂) တပ်ခွဲ(၅)တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

နံနက် ၁၀ နာရီခန့်၌ အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်နှင့် ရိုးမပေါ်ရှိ ၄၈ ပေါက်တွင် နာရီဝက်ခန့်တိုက် ပွဲဖြစ်ပွားခဲ့ပြီး စစ်ကူလာသော အင်အား ၂၀ ကျော်ပါ စစ်ကောင်စီ၏ကားကိုလည်း ဟိုင်းယုလမ်းဆုံနှင့် ပျဉ်းကတိုးခင်းကြားတွင် ကာကွယ်ရေးတပ်ဖွဲ့ က ၄၀ မမ လက်နက်ကြီးဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့သည် ဟု တပ်ရင်း(၃၈၀၂)၏ ပြန်ကြားရေးတာဝန်ခံ က မဇ္ဈိမကိုပြောသည်။

ယင်းနောက် မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကောင်စီ၏စစ်ကူတပ်များသည် ခါချဉ်တောင်သို့ ထပ်မံစစ် ကြောင်းထိုးလာသည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့က စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ရာ အပြန်အလှန်ပစ် ခတ်မှု မိနစ် ၄၀ ခန့်ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

ညနေ ၅ နာရီ ၃၀ ခန့်တွင်လည်း ဟိုင်းယုလမ်းဆုံမှ စစ်ကြောင်းထိုးလာသော အင်အား ၃၀ ကျော်ပါ စစ် ကောင်စီတပ်အား ရှောက်ပင်ချောင်းအနီးတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု တနာရီ ခန့်ဖြစ်ပွားခဲ့သည်ဟု တပ်ရင်း(၃၈၀၂)၏ ပြန်ကြားရေးတာဝန်ခံကပြောသည်။

အဆိုပါ တိုက်ပွဲလေးကြိမ်အတွင်း စစ်ကောင်စီတပ်ဘက်မှ ၄၀ ခန့်သေဆုံး၍ ၁၆ ဦးဒဏ်ရာရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံမှဆိုသော်လည်း မဇ္ဈိမအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေး ပေ။ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၂) တပ်ခွဲ(၅)မှ အသက် ၃၆ နှစ်အရွယ် တပ်ဖွဲ့ဝင် ကိုကုလားလည်း သေဆုံးခဲ့ရကြောင်း သိရသည်။

“ခါချဉ်တောင်က အရင်ကတော့ ရိုးမဖြတ်ကျော်လမ်းပေါ်ကနေ ရိုးမထဲက တရားမဝင်သစ်ထုတ်တဲ့ကား တွေကို သစ်တောနဲ့ စစ်ကောင်စီတပ်သားတွေ စခန်းချပိုက်ဆံကောက်နေကျနေရာပေါ့။ လက်ရှိက အဲဒီ နေရာမှာ PDF က စခန်းအထိုင်ချထားပြီ၊ ဂိတ်ချထားပြီပေါ့။ စစ်ကောင်စီဘက်ကတော့ ဟိုင်းယုလမ်းဆုံ မှာ ရှိနေတယ်” ဟု တပ်ရင်း (၃၈၀၂) ၏ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခါချဉ်တောင်စခန်းတွင်စခန်းချထားသည်မှ တလခန့်ကြာပြီဖြစ်ကြောင်း လည်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အပေါ်မှာ ကျွန်တော်တို့ရှိမှန်းသိလည်း တက်မလာကြတော့ဘူး။ ခုမှ အထက်ကဖိအားပေးလား မသိပါ ဘူး၊ တက်လာတော့ တိုက်ပွဲဖြစ်ကြတာ။ ကျွန်တော်တို့က ဟိုတခါ အဲဒီစခန်းကို မီးရှို့ပြီးကတည်းက တပ် စွဲလိုက် ပြန်ဆုတ်လိုက်လုပ်နေတာ။ အခုတခါ တပ်စွဲထားတာတော့ တလကျော်လောက်ရှိပြီ” ဟု တပ်ရင်း (၃၈၀၂) ပြန်ကြားရေးတာဝန်ခံကပြောသည်။

အဆိုပါ ခါချဉ်တောင်စခန်းအား ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ကာ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါစခန်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းချနေကြောင်း သိရသည်။

တိုက်ပွဲများဖြစ်ပွားပြီးနောက် ယနေ့တွင် စစ်ကောင်စီဘက်မှ ကားနှစ်စီးဖြင့် ထပ်မံစစ်ကြောင်းထိုးလာ ကြောင်း သတင်းရရှိထားပြီး စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း တပ်ရင်း (၃၈၀၂) ပြန်ကြားရေးတာဝန်ခံ ကပြောသည်။

ခါချဉ်တောင်စခန်းနေရာသည် ၂၀၁၈ ခုနှစ်က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ ကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်ထားခဲ့သည်။ ခါချဉ်တောင်သည် ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နှင့် ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်တံခါးမြို့နယ် မြို့ချောင်းမြို့တို့ကို ဆက်သွယ်ထားသည့် ရိုးမ ဖြတ်ကျော်လမ်းပေါ်တွင် တည်ရှိသည်။

စာတည်း။ ။စောဖေ