ဒဂုံမြို့သစ်မြောက်ပိုင်း ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံး

ဒဂုံမြို့သစ်မြောက်ပိုင်း ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံး

မေ ၂၄

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းဆိုသူကို ယနေ့ မေ ၂၄ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ၎င်းနေထိုင်ရာအိမ်အတွင်းသို့ သေနတ်ဖြင့်၀င်ရောက်ပစ်ခတ်ခံရသဖြင့်သေဆုံးခဲ့ကြောင်း မြို့ခံပြည်သူတစ်ဦးကပြောသည်။

ယင်းပစ်ခတ်မှုသည် ဓမ္မစေတီလမ်းနှင့်ကျေးရေလမ်းထောင့်တွင်ရှိသောအုပ်ချုပ်ရေးမှူး နေအိမ်အတွင်းသို့ လူတစ်စုက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး၊ နေရာတွင်ပင်သေဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဥ်အပြီးတွင် ရပ်ကွက်အတွင်းသို့ရဲကားများနှင့် လူနာတင်ယာဥ်ရောက်ရှိလာကာ သေဆုံးသူဦးခင်မောင်သန်းအလောင်းအား သယ်ဆောင်သွားခဲ့ပြီး၊ ပတ်ဝန်းကျင်အားစစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

" ရပ်ကွက်ထဲရုတ်ရုတ်သဲသဲဖြစ်လို့ ထွက်ကြည့်တော့မှ အုပ်ကြီးအပစ်ခံရတာသိတယ်။အပြောအဆိုကြမ်းတယ်။ ရပ်ကွက်နဲ့သိပ်အဆင်ပြေတဲ့သူမဟုတ်ဘူး။ သမိုင်းကြောင်းမကောင်းတဲ့သူအတွက်တော့ထူးပြီး ဝမ်းနည်းမနေပါဘူး။"ဟု ဆိုသည်။

အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းသည် အာဏာသိမ်းပြီးကာလတွင် စစ်ကောင်စီကတိုက်ရိုက်ခန့်သော သူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

၎င်း အုပ်ချုပ်ရေးမှူးလုပ်နေစဥ်ကာလအတွင်း Covid 19ကာကွယ်ဆေးထိုးရာတွင်ငွေကြေးများကောက်ခံခြင်း၊ ၎င်းအပါအဝင် မိသားစုလိုက်ဆက်ဆံရေး မောက်မာခြင်းများအပြင် ရပ်ကွက်အတွင်းဖြစ်ပျက်နေသည့်ကိစ္စများအတွက် စစ်ကောင်စီကိုတိုက်ရိုက်သတင်းပေးနေသော ဒလန်အကြီးစားဖြစ်ကြောင်းဒေသခံပြည်သူအချို့က ပြောသည်။

ယင်းဖြစ်စဉ်အတွက် မည်သည့်အဖွဲ့က ဝင်ရောက်ပစ်ခတ်သွားသည်ဆိုခြင်းကိုထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

ဓာတ်ပုံ - ပုံအဟောင်း

#mizzima

#ဒဂုံမြို့သစ်မြောက်ပိုင်း

#အုပ်ချုပ်ရေးမှူး

#ဒလန်အကြီးစား

#ပစ်ခတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly