သတင်း

စီအူရွာအနီး စစ်တပ်က ဗုံးကြဲလို့ တံတား ၂ စင်းထိခိုက်ပျက်စီး

ဗန်းမော်ခရိုင် မံစီမြို့နယ် စီအူကျေးရွာမှာ တိုက်ပွဲဖြစ်တာမရှိပေမယ့် စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တံတားနှစ်စင်းထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ဒီနေ့ မနက် ၁နာရီခွဲ ဝန်းကျင်လောက်မှာ စီအူကျေးရွာရဲ့ ရွာနောက်ဘက်နဲ့ရွာလယ်တံတားမှာ ဂျက်လေယာဉ်နဲ့ ၄ ကြိမ်ထက်မနည်းလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စီအူရွာ ဒေသခံတစ်ဦးက KNG ခုလိုပြောပါတယ်။

ဗုံးကလေးကြိမ်ဝန်းကျင်လောက် လာကြဲတယ် နှစ်နေရာဖြစ်သွားတာပေါ့ ရွာအနောက်က နမ့်ခမ်ခ(Namhkan Hka)တံတားက ကျိုးသွားတယ်။ ရွာအလယ်က ကွန်ကရစ်တံတားကတော့ မခိုင်တော့ဘူး လေးနားမှာလည်းချိုင့်သွားတယ်လို့ သူကဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် စီအူကျေးရွာအလယ်ကချင်ပြည်နယ်နဲ့ ရှမ်းပြည်ကို ဆက်သွယ်ပေးထားတဲ့ စီအူတံတား(ကွန်ကရစ်တံတားကြီး)နဲ့စီအူကျေးရွာအနောက်ဘက်က ရှမ်းပြည်ဘက်ခြမ်း နမ့်ခမ်(Namhkan Hka)တံတား ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် အဲဒီဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အရပ်သားထိခိုက်တာမရှိပေမယ့် နေအိမ်တစ်အိမ်က အိမ်သာနဲ့နွားတစ်ကောင်မှာ‌တော့ ဗုံးကျည်ထိမှန်တာရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ 

ဒေသခံတွေပြောချက်အရတော့ စီအူကျေးရွာမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြားတိုက်ပွဲဖြစ်ပွားတာမရှိသလို ဒီရက်ပိုင်းမှာ စစ်ရေးလှုပ်ရှားတာ‌တွေလည်း မရှိပေမယ့် စစ်တပ်ဘက်က ခုလိုအကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်တာဟာ အရပ်သားတွေအသုံးပြု‌နေတဲ့ တံတားနှစ်စင်းကိုဘဲ ဖြတ်တောက်ချင်တဲ့အတွက် ရည်ရွယ်ချက်ချက်ရှိရှိ တိုက်ခိုက်တာဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒီရွာနဲ့ သိပ်မဝေးတဲ့ ဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေရှိခဲ့ပေမယ့် ဒီမှာဘာမှမဖြစ်ဘူး ဒါကြောင့် တံတားကိုဘဲ ရည်ရွယ်ချက်ရှိရှိလာရောက်တိုက်ခိုက်တာလို့ဘဲ မြင်မိတယ်လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ရက်နေ့က စီအူကျေးရွာက ဘုန်းကြီးကျောင်းဘေးနားကခန်းမဆောင်မှာ မင်္ဂလာင်ဆောင်ပွဲကျင်းပနေတဲ့အချိန် စစ်ကောင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးဒေသခံနှစ်ဦးဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းအဆောက်အအုံးတွေ ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button