Home
မြန်မာသတင်း
ဖျာပုံထောင်၌ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက်  အကျဉ်းသား ၁၈ ဦး ထောင် ၆ လစီ ပြစ်ဒဏ် ထပ်တိုးချခံရ
DVB
·
April 4, 2024
jaill 442024

ဧရာ၀တီတိုင်း၊ ဖျာပုံအကျဉ်းထောင်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖြိုခွင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၁၈ ဦးထက်မနည်း ဧပြီ ၃ ရက်မှာ ထောင်စည်းကမ်းဖောက်ဖျက်မှုနဲ့ ထပ်တိုးပြစ်ဒဏ် ခြောက်လစီ ချမှတ်ခံခဲ့ရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၃၁ ရက်က အမှုရင်ဆိုင်နေရဆဲ အချုပ်သား တဦးကို ထောင်အာဏာပိုင်တွေက ရိုက်နှက်တဲ့ ကိစ္စကစတင်ပြီး ဖျာပုံထောင်တွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်နဲ့ရဲက အကျဉ်းထောင်တွင်းဝင်ရောက်ကာ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

အဲ့ဒီဖြစ်စဉ်မှာ ရိုက်နှက်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင်အကျဉ်းသား ၁၈ ဦးထက်မနည်းကို ဖျာပုံထောင်တွင်းတရားရုံးက ထောင်စည်းကမ်း ဥပေဒ -၂၂၄ အရ ဆိုကာ ထပ်တိုးပြစ်ဒဏ် ထောင် ခြောက်လ စီချမှတ်ခဲ့တာပါ။

ဖျာပုံထောင်နဲ့ နီးစပ်သူတဦးက ''အခုထောင်ဒဏ်ထပ်ချခံရသူတွေက ဖြစ်စဉ်ဖြစ်တဲ့နေ့က စစ်တပ်နဲ့ ရဲတွေက ဝိုင်းရိုက်နှက်တာခံရသူတွေပါ။ အခုထပ်ပြီး အမိန့်ချခံရသူတွေက နိုင်ကျဉ်းတွေများတယ်။ အကျဉ်းထောင် စည်းကမ်းနဲ့ ဥပေဒကို မလိုက်နာလို့ဆိုပြီးအမိန့်ချတာ၊ တခြားအကျဉ်းသားတွေလည်းပါတယ်''လို့ ပြောပါတယ်။

ထောင်ဒဏ်ထပ်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုစည်သူ၊ ကိုအောင်အောင်ဦး၊ ကိုဗညားအောင်၊ ကိုဝေယံဦး၊ ကိုနန်းလင်းအောင်၊ ကိုဝေယံ၊ ကိုရှိုင်းညီညီ၊ ကိုမင်းသူ၊ ဦးစိုး၊ ကိုသုတဇံနဲ့ တခြားအကျဉ်းသားတွေ ဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေတဦးက ''လုံးဝလက်ခံလို့ မရတဲ့ကိစ္စပါ။ အခုအမိန့်ထပ်ချမှတ်ခံရသူတွေက ကျူးလွန်ခံရသူတွေပါ။ ဒါကို စစ်ကောင်စီတပ်က တရားခံအဖြစ် စွပ်စွဲပြီး ထပ်တိုးပြစ်ဒဏ်တွေ ချမှတ်ခံရတာ။ မတရားခံရတာကို သိသိရက်နဲ့ ဘာတခုမှ ခုခံချေပခွင့်မရတာ''လို့ ပြောပါတယ်။

အဲ့ဒီ ပြစ်ဒဏ် ခြောက်လစီ ထပ်ချခံရသူတွေဟာ အရင် ထောင်ဒဏ် ၁၂ နှစ်ကနေ ၅ နှစ်အထိချ မှတ်ခံထားရသူတွေပါဝင်ပြီး  လက်ရှိထောင်ဝင်စာတွေ့ခွင့်ပါ အပိတ်ခံထားရပါတယ်။

ဒါ့အပြင် ပစ်ခတ်ဖြိုခွင်းတဲ့ ဖြစ်စဉ်မှာ အကျဉ်းသား ၈၀ ထက် မနည်း ကြိုးတုပ် ရိုက်နှက်စစ်ဆေးခံရပြီး ထပ်တိုးပြစ်ဒဏ်ချမှတ်ခံရသူတွေ အပါအဝင် လူ အယောက် ၂၀ လောက်က ဒဏ်ရာပြင်းထန်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

Photo - Min Min

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024