ကျိုက်မရောတိုက်ပွဲမှာ BGF ဒုတပ်ရင်းမှူးအပါအဝင် ၁၁ ဦး ထပ်မံသေဆုံး၊ ၄ ဦးလက်နက်ချ အညံ့ခံ

0
190

ကျိုက်မရော၊နိုဝင်ဘာ ၂၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တိုက်ပွဲအတွင်း စစ်ကူလာတဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ် BGF အမှတ်(၁၀၂၂) တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးနော်တယာအပါအဝင် ၁၁ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရခဲ့တယ်လို့ တပ်တွင်းအရင်းအမြစ်တွေနဲ့ နဂါးနီစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာရှိ တောင်ကလေးစခန်းကနေတစ်ဆင့် ချောင်းနှစ်ခွ ကို တပ်ကူလာတဲ့ စစ်ကောင်စီရဲ့ တပ်မ ၂၂ ၊ တပ်မ ၄၄ ၊ အမှတ် ၄ တန်းမြှင့်လေ့ကျင့်ရေး သင်တန်းသားထုတ်နှုတ်မှုတွေနဲ့ နယ်ခြားစောင့်တပ် BGF ပူးပေါင်းစစ်ကြောင်းကို မနေ့ နိုဝင်ဘာ ၂၇ ရက်က နဂါးနီစစ်ကြောင်း၊ KNLA တပ်ရင်း ၁၆၊ Federal Wings တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားချိန် နေ့လည် ၁၂ နာရီကနေ တိုက်ပွဲပြီးဆုံးချိန် ညနေ ၄ နာရီခွဲအချိန်အတွင်း စစ်ကောင်စီ BGF တပ်ဘက်က အကျအဆုံးများတဲ့အတွက် ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦး တော်လှန်ရေးအင်အားစုအဖွဲ့ထံ လက်နက်ချ အလင်းဝင်ရောက်လာခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

“လက်နက်ချ၍ မိမိတို့ထံ အလင်းဝင်ရောက်လာပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားပါသည်” ဟု နဂါးနီစစ်ကြောင်းက ထုတ်ပြန်ပြောဆိုပါတယ်။

တိုက်ပွဲအပြီးမှာ စစ်ကောင်စီ ဗိုလ်ကြီး ၁ ဦး၊ BGF တပ်နယ် ၄ ရဲ့ စစ်ကြောင်းမှူး ဗိုလ်မှူး ၁ ဦး အပါအဝင် ၁၁ ဦးသေဆုံးပြီး လက်နက်ငယ်မျိုးစုံ ၁၅ လက် သိမ်းဆည်းရမိကာ တော်လှန်ရေး အင်အားစုဘက်က ရဲဘော် ၁ ဦး တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူသွားခဲ့တယ်လို့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။

တပ်တွင်းသတင်းအရင်းအမြစ် အဆိုအရ အဲဒီတိုက်ပွဲအတွင်း BGF တပ်နယ် ၄ တပ်မှူး ဗိုလ်မုတ်သုန်ရဲ့ လက်ရုံတပည့် ဒုတပ်ရင်းမှူး ဗိုလ်မှူးနော်တယာ သေဆုံးခဲ့တယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။

ဗိုလ်မှူးနော်တယာ သေဆုံးမှုအပေါ် BGF အရာရှိဟောင်းတစ်ဦးက “လူမသေတာဝန်မကျေဆိုတဲ့ အတိုင်း စစ်သားပီသစွာ တာဝန်ကျေတဲ့အထိ တာဝန်ကိုထမ်းဆောင်သွားလေတော့ အလေးပြုပါတယ်။ အလွန်လေးစားရပေမဲ့ နောက်ဆုံးတော့ သင့်သွားလိုရာသွားနိုင်ပြီပေါ့ကွာ”လို့ သူရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ချောင်းနှစ်ခွဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများပြားခဲ့တဲ့အတွက် အရပ်သားပြည်သူနေထိုင်ရာ ကျေးရွာတွေထဲကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုတွေ နေ့စဉ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ ဖြစ်ပေါ်ခဲ့သလို နေအိမ်အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့ရကာ ကျေးရွာ ၆ ရွာထက် မနည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

တော်လှန်ရေးအင်အားစုအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ ကျိုက်မရောတိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့ ၄၀ နီးပါး သေဆုံးကာ လက်နက်ချအညံ့ခံသူ ၃၂ ဦးအထိ ရှိလာတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – နဂါးနီစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.