Home
မြန်မာသတင်း
သံဖြူဇရပ်မြို့နယ် အနင်းရဲစခန်း တိုက်ခိုက်ခံရ
DVB
·
February 2, 2024
than 222024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းရွာရှိ အနင်းရဲစခန်းကို ဇန်နဝါရီ ၃၁ ရက် မနက် ၆ နာရီလောက်က တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ် အခြေစိုက်တော်လှန်‌ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ ရေးဘီလူးတပ်ဖွဲ့က ပြောပါတယ်။

တိုက်ပွဲမှာ KNLA တပ်ရင်း ၂၇၊ ရေးဘီလူးတပ်ဖွဲ့၊ တောင်ညိုစစ်ကြောင်းနဲ့ ပဒဲကောတပ်ဖွဲ့တို့ ပါဝင်ခဲ့ပြီး ရဲစခန်းအတွင်းမှာ ဘန်ကာနဲ့ စစ်ကောင်စီအင်အား အများအပြားရှိနေတဲ့အပြင် လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ပစ်ခတ်မှုတွေအချိန် ၅ နာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။

ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က “ ၄၅ မိနစ်ခန့်မှန်းထားပေမဲ့ ထင်သလိုမဟုတ်ဘဲ ရန်သူ့အင်အားလည်း များနေတယ်။ ရန်သူ့ဘန်ကာတွေကလည်း တအားကောင်း နေတဲ့အတွက် ကြာမြင့်ချိန်က ၅ နာရီလောက် ဖြစ်သွားတယ်။ မုဒုံ၊ သံဖြူဇရပ်ဘက်က တပ်တွေက အာရှလမ်းကို မသုံးဘဲ လာတယ်။ မြေပြင်မှာ အင်အား ၁၀၀ လောက်ရှိတယ်။ ၃၁၇ အမြောက်တပ်ထဲက လက်နက်ကြီးပစ်ကူ ရှိတယ်။ ဝေဟင်ကနေလည်း လေကြောင်း ၂ ကြိမ်ပစ်ခတ်သွားတယ်၊ စစ်ကောင်စီဘက်က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌သေဆုံးမှုတွေ ရှိတယ်။ ခန့်မှန်းခြေ အရ ၁၄ ဦး လောက်ရှိတယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ် ”လို့ ပြောပါတယ်။

တော်လှန်ရေးတပ်တွေက အနင်းရဲစခန်းဧရိယာအတွင်းရှိ ဆက်သွယ်ရေးတူးမြောင်းအထိ သိမ်းပိုက်ထားနိုင်ခဲ့ပေမဲ့ စစ်ကောင်စီဘက်က စစ်ကူအင်အားအလုံးအရင်းနဲ့ ရောက်ရှိလာနေခဲ့လို့ ပူးပေါင်းတပ်တွေက စခန်းအတွင်းကနေ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။

ဒီတိုက်ပွဲမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က ရဲဘော် ၃ ဦး မစိုးရိမ်ရဒဏ်ရာရရှိပြီး စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဥ်ကနေ လေကြောင်းပစ်ခတ်မှုတွေကြောင့် အနင်းရွာရှိ လူနေအိမ် ၅ လုံးလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ရေးဘီလူးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက် မနက် ၇ နာရီလောက်ကလည်း ရေးမြို့နယ်၊ အာယုတောင်ရွာနဲ့ စုံနံ့သာရွာ‌ကြားရှိ လမ်းမမှာ ပြည်သူ့စစ် ကားတစီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့စစ် ၃ ဦး သေဆုံးခဲ့ပြီး ဇန်နဝါရီ ၁၇ ရက် မနက် ၆နာရီ‌ ကျော်လောက်ကလည်း ရေးမြို့နယ်ရှိ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်က စစ်ကောင်စီ ခလရ ၁၀၆ တပ် ဂိတ်ကို  ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဇန်နဝါရီ ၁၆ ရက် နေ့လည် ၁ နာရီလောက်ကလည်း ရေးမြို့နယ်ထဲရှိ ကျောင်းရွာ၊ စစ်ကောင်စီ ၅၉၁ တပ်ထဲကို ၄၀ မမ  ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဓာတ်ပုံ - ရေးဘီလူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024