သတင်း

အသက်မဝင်တော့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသုံးပြီး စစ်အင်အားစုဆောင်းနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေသုံးသပ်

စစ်ကောင်စီတပ်က ကာကွယ်ရေးအင်အားလိုအပ်လာလို့ဆိုတဲ့အချက်နဲ့ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဲ့ဒီဥပဒေအရ အမျိုးသားဆိုရင် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ် ကနေ ၂၇ နှစ်အတွင်း ၂ နှစ်အထိစစ်မှုထမ်းရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆရာဝန်၊ အင်ဂျင်နီယာတို့လို အတတ်ပညာ တစ်ရပ်ရပ်နဲ့အသက်မွေးဝမ်းကျောင်းနေသူ တွေကတော့ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၄၅ နှစ် အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ ဆိုပြီး ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်တပ်ဘက်ကတော့ နိုင်ငံသားအချင်းချင်းတိုက်ခိုက်ဖို့အတွက် စစ်အင်အားလျော့နည်းလာတဲ့ စစ်တပ်အတွက် စစ်သားစုဆောင်းတာ ဖြစ်တယ်လို့ ကချင် ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ယောက် ကသုံးသပ်ပါတယ်။

ကျနော်တို့နိုင်ငံမှာက ပြည်တွင်းစစ်ပဲ ဖြစ်နေတာ ကိုယ့်လူမျိုးအချင်းချင်း တိုင်းရင်းသား အချင်းချင်း တိုက်ခိုက်နေတဲ့အပေါ် လိုသလား မလိုဘူးလားဆိုတာသုံးသပ်ကြည့်ရင် ဒီဟာက ဗမာ စစ်တပ်ဟာစစ်သားတွေလျော့နည်းလာတယ် ပုံစံပြနေတာဖြစ်တယ်။ ဒါကြောင့်ရတဲ့ နည်းနဲ့ ဥပဒေ ကို ပြဌာန်းပြီးမှစုဆောင်းနေခြင်းဖြစ်တယ် ဒါက ဥပဒေကိုပြဌာန်းတယ်ဆိုတာက သူက ဥပဒေကို ပြဌာန်းခွင့်ရှိလားဆိုတာလည်းမူတည်ပါ တယ် ၂၀၀၈ အခြေခံဥပဒေက ဖျက်သိမ်းပြီးပါပြီ အကုန်လုံးဘာမှ အကျုံးမဝင်ပါဘူး သူက စစ်တပ်ဖြစ်နေတော့လုပ်ချင်တိုင်းလုပ်နေတဲ့ဆိုတဲ့ ပုံစံ ဖြစ်ပါတယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ ကချင်ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်အာဏာရှင်ဝါဒ သက်ဆိုးရှည်စေဖို့ ရည်ရွယ်ထားသလို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်ဟု ပေါ်ပေါက်ရေးအတွက် အဟန့်အတားဖြစ်စေတယ်ဆိုပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က ပြီးခဲ့တဲ့ ၂၀၂၁ မတ်လ ၃၁ ရက်နေ့ကပဲ ဖျက်သိမ်း‌ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကြောင်း ကြေညာခဲ့ပါတယ်။

ဒါ့အပြင် တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဘက်က အခုလို ဥပဒေပြဌာန်းတဲ့အပေါ် စစ်ကိုင်းဒေသ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်က အခုလိုပြောပါတယ်။

ဒီဥပဒေထွက်လိုက်တာက တစ်ဖက်ကကြည့်ရင် သူတို့က ကျနော်တို့ကိုအင်အားဖြည့်တင်းပေး တယ်လို့ယူဆတယ် မကောင်းတဲ့ဘက်ကတော့ အပြစ်မဲ့ပြည်သူတွေကတော့ခံရတာပေါ့ ဒီဟာနဲ့ ပတ်သက်ပြီးပြောရရင် တစ်ခြားနည်းနဲ့ ပေါ်တာဆွဲတယ်သဘောမျိုးပေါ့လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ထုတ်ပြန်တဲ့ဥပဒေဟာ လွန်ခဲ့တဲ့ ၁၃ နှစ်ကျော်က စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်မှတ်ရေးထိုးပြဌာန်းခဲ့ဥပဒေဖြစ်ပြီး လက်ရှိ စစ်ကောင်စီရဲ့ခေါင်းဆောင် ဗိုလ်ချုပ် မင်းအောင်လှိုင် က အတည်ပြုလိုက်တာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီတပ်ရဲ့ အခုလို ဥပဒေပြဌာန်းလိုက်တာကြောင့် လူငယ်တွေအများစု စစ်တပ်ကို တော်လှန်ဖို့ ပိုပြီးရွေးချယ်လာကြလိမ့်မယ်လို့ စစ်မှုထမ်းဟောင်းတစ်ယောက်က ပြောပါတယ်။

သူတို့ထုတ်တဲ့ဥပဒေကတော့ နိုင်ငံရဲ့ဥပဒေပေါ့ ဒါကတော့မှန်ပါတယ်ပြောရမှာပေါ့ သို့သော် ဒီအချိန်ကာလမှာ ဒီဥပဒေထုတ်တာက မတရားဘူးလို့ပြောရမှာပဲ အဲ့တော့ လူငယ်တွေ အနေနဲ့ အများဆုံးဖြစ်သွားနိုင်တာက တစ်ဖက်ကိုတွန်းပို့သလိုဖြစ်သွားမှာပေါ့ ဘာလို့ဆိုရင် လူငယ်တွေက လက်ခံတာမှမဟုတ်တာ တွန်းပို့တယ်ဆိုတာကိုတိတိကျကျပြောရရင် သူတို့ဘက်ကိုလုပ်ကြမယ် သူကမရှိဘူးလေ နိုင်ငံရဲ့အနေအထားက သိတဲ့အတိုင်း တော်လှန်နေကြတဲ့အတိုင်းအတာဆိုတော့ တော်လှန်တဲ့ဘက်ကိုပဲသွားကြမှာပေါ့လို့ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ နိုင်ငံသားတိုင်းစစ်မှုထမ်းဖို့ ထုတ်ပြန်ချက်ထဲမှာ ဘယ်အချိန်မှာ စစ်မှုထမ်းဖို့ ခေါ်ယူမယ်ဆိုပြီးအတိအကျရေးသားထားတာမရှိပေမဲ့ နိုင်ငံတဝှမ်းက နေရာအနှံ့အပြားမှာ စစ်တပ်က ပေါ်တာဆွဲနေတဲ့ဆိုတဲ့သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

ဒီဥပဒေကို စစ်တပ်ဘက်က ပြဌာန်းလိုက်တာနဲ့တပြိုင်နက် တော်လှန်ရေးအင်အားစု တွေဘက်က လည်း စစ်ကောင်စီကိုတော်လှန်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေနဲ့ပူပေါင်းကြဖို့ ထုတ်ပြန် လာကြပါတယ်။

ဒါ့အပြင် အဲ့ဒီဥပဒေကြောင့် နိုင်ငံတစ်ဝှမ်း တိုက်ပွဲဖြစ်ပွားမှုက ပိုမိုကျယ်ပြန့်လာနိုင်သလို စစ်ကောင်စီအတွက် အဆိုးဘက်ကိုပဲဦးတည်နေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။

By – အမိုး

Show More

Related Articles

Back to top button