သတင်း

အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးသေဆုံးမှု ပိုမိုမြင့်တက်လာ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း အမျိုးသမီးတွေ သေဆုံးမှုတွေ ပိုမိုမြင့်တက်လာသလို အမျိုးသမီးအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

နိုင်ငံရေးအကြပ်အတည်းကာလမှာ အမျိုးသမီးတွေဟာအဘက်ဘက်ကနေ ထိခိုက်နစ်နာဆုံးရှုံးတွေမှုအများဆုံးခံနေရတဲ့အပြင် အသက်အန္တရာယ်သေဆုံးတဲ့ အထိဖြစ်လာနေတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူ ဆရာမ လီလီက KNG ကိုအခုလိုပြောပါတယ်။

ဘာလို့လဲဆိုရင် ဒီစားဖို့သောက်ဖို့ အသက်ရှင်ရပ်တည်ဖို့အတွက် ဝင်ငွေရဖို့ လုပ်ငန်းရဖို့အတွက်ဆိုတာဟာ ခက်ခဲလာတဲ့အခါမှာ လူသားတွေက လူသားမဆန်တော့ဘူးဘဲ ဘာမဆိုလုပ်လာရဲတဲ့အခါမှာ ပိုပြီးတော့မှအားနည်းပြီး ဖိနှိပ်ခံဖြစ်တဲ့ အမျိုးသမီးတွေပြီးတော့ လူနည်းစုဖြစ်တဲ့ တိုင်းရင်းသူအမျိုးသမီးတွေဟာ ကိုယ့်ရဲ့ ရွှေငွေပစ္စည်းဆုံးရှုံးရတဲ့အပြင် အသက်အန္တရာယ်ထိပါ ထိးပါးလာတဲ့အခြေအနေ ရှိသွားတာပေါ့နော်” လို့ပြောပါတယ်။

ဒ့ါအပြင် အမျိုးသမီးတစ်ယောက် သတ်ဖြတ်ခံရတာဖြစ်ဖြစ်၊ မတရားအနိုင်ကျင့်ခံရတာမျိုးဖြစ်ဖြစ် ကြုံလာတဲ့အခါ တရားရင်ဆိုင်ပေမဲ့ ကျူးလွန်သူတွေဘက်က အမှုနိုင်တာမျိုးတွေရှိနေတာတွေကြောင့် တရားရုံးဟာ ကိုယ့်ဘက်ကို ရပ်တည်ပေးနိုင်တဲ့ နေရာမဟုတ်ဘူးဆိုတာ သိလာရတာလည်းဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ ကိုယ့်ရပ်ရွာဒေသမှာ အခြေအနေအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်ရမယ်ဆိုရင်တောင် အိမ်ထောင်သည်အမျိုးသမီးတွေအနေနဲ့ တာဝန်ယူလုပ်ဆောင်ရတာတွေများတဲ့အတွက် လက်နက်ကြီးထိမှန်တာတွေ အများဆုံးခံရတာလည်းဖြစ်လာနေတယ်လို့ သူကဆက်ပြောပါတယ်။

ကိုယ့်ရွာမှာ လာပစ်လာပြီဆိုရင် မြန်မြန်ပြေးဖို့ သူ့မှာ ကလေးတွေ၊ ဉပမာ နို့စို့ကလေးကိုလည်း သူကြည့်ရတယ်၊ ကလေးကိုချီရတယ်၊ ဟိုလုပ်ဒီလုပ်နဲ့ လုပ်နေရတာတွေများတယ်၊ ပြီးတော့ တစ်ချို့ကျတော့လည်း ကလေးတစ်ဖက်၊ ကိုယ်ဝန်တစ်ဖက်နဲ့ အဘိုးအဘွားတွေကို ပြန်ခေါ်နေရတာနဲ့ မြန်မြန်လုံခြုံတဲ့နေရာမရောက်နိုင်တော့ စစ်တပ်လက်ထဲရောက်သွားတာမျိုး၊ လက်နက်ထိတာတွေက သူတို့ကြုံရဖို့ အများဆုံးဖြစ်ပြီးတော့ ထိခိုက်သေဆုံးတာတွေဖြစ်ရတယ်ဆိုတာကို ပိုတွေ့ရတယ်ပေါ့နော် လို့ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းက စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ၊ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ နည်းမျိုးစုံနဲ့ တိုက်ခိုက်တာတွေကြောင့် အမျိုးသမီးသေဆုံးမှုတွေ ပိုမြင့်တက်လာနေတဲ့အကြောင်း အမျိုးသမီးများဆိုင်ရာ အချက်အလက်တွေကနေ သိရပါတယ်။

နိုင်ငံကို အုပ်ချုပ်တဲ့သူတွေဟာ ပြည်သူတွေအပေါ် တာဝန်ယူမှုမရှိတာ၊ လုံခြုံမှုမပေးနိုင်တာ၊ တိုးတက်အောင်မြင်အောင မလုပ်ပေးနိုင်ရင် အစိုးရဆိုတဲ့နေရာမှာ မနေသင့်ဘူးလို့ အမျိုးသမီးနဲ့ကလေးသူငယ် အရေးလှုပ်ရှားသူ ဆရာမ မွန်းနေလီက KNG ကိုပြောပါတယ်။

ပြောရမယ်ဆိုရင် စစ်အစိုးရအုပ်ချုပ်တာဖြစ်ဖြစ်၊ ပြည်သူတွေကို တာဝန်ယူပြီး ငါကအုပ်ချုပ်နေတာဆိုပြီးအဲ့နေရာမှာ ရှိနေတဲ့သူက တာဝန်အရမ်းကြီးတာဟုတ်တယ်။ အခုကျွန်မတို့ နိုင်ငံမှာ ဒီအခွင့်အရေးနဲ့ ပတ်သက်ပြီး အမျိုးသမီး၊ ကလေး၊ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေရတာက အစိုးရဆိုပြီးခံယူထားတဲ့သူတွေကိုယ်တိုင် ပြည်သူတွေကို သတ်ဖြတ်တာ၊ ပြည်သူတွေရဲ့ ဉစ္စာပစ္စည်းတွေကို ဖျက်ဆီးတာတွေ၊ ဒီလိုဖြစ်စဉ်တွေကြောင့် ပြည်သူတွေ ပိုပြီးထိခိုက်လာရတာဖြစ်တယ် လို့ပြောပါတယ်။

ခုလို စစ်တပ်ဘက်က ပြည်သူတွေအပေါ် မတရားသတ်ဖြတ်တာ၊ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာတွေဟာ လူအခွင့်အရေးဆိုင်ရာဘက်ကနေ ကြည့်ရင်တောင် ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှု ဉပဒေရှိသမျှကို ချိုးဖောက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ  ရက်နေ့ကစပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့အထိ စစ်တပ်ကဖမ်းဆီးထားတဲ့ အမျိုးသမီး ၃၂၉၉  သေဆုံးသူ ၇၅၄ ဦးထိရှိလာပြီဖြစ်သလို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ  ရက်ကနေ ၂၆ ရက်အတွင်း အမျိုးသမီးသေဆုံးသူ ၅၉ ယောက်ထိရှိခဲ့ပြီးတော့ အဲ့ဒီသူတွေဟာ စစ်တပ်ဘက် အရပ်သားနေအိမ်တွေကို လက်နက်ကြီးပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ မြန်မာနိုင်ငံအမျိုးသမီးသမ္မဂအဖွဲ့က ဖေဖော်ဝါရီလ လဆန်းပိုင်းမှာထုတ်ပြန်ထားပါတယ်။

ဒီသေဆုံးမှုစာရင်းထဲက အများဆုံးဟာ စစ်ကိုင်းတိုင်းထဲဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

အလားတူဘဲ ဖေဖော်ဝါရီလ  ရက်နေ့မှာ အမျိုးသမီးတစ်ယောက် ပစ္စည်းလုယက်သတ်ဖြတ်ခံခဲ့ရပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာလည်း ဗန်းမော်မြို့နယ် ကောင်ဂျာကျေးရွာက အမျိုးသမီးတစ်ယောက် စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသလို နောက်ထပ်အမျိုးသမီးတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Show More

Related Articles

Back to top button