စစ်ပြေးဒုက္ခသည်များသတင်း

မုံးကိုးမြို့ထဲခိုလှုံနေတဲ့ စစ်ရှောင်များကို MNDAA ကအတင်းအဓ္မမောင်းထုတ်

ရှမ်းမြောက် မုံးကိုးမြို့ထဲမှာ တိမ်းရှောင်ခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူတွေကို ကိုးကန့် MNDAA တပ်ဖွဲ့က အတင်းအဓမ္မလာရောက်မောင်းထုတ်နေတယ်လို့ သိရပါတယ်။

မုံးကိုးမြို့ ရက်ကွက် ၄ ရှိ အဆောက်အအုံတစ်ခုမှာ ၃ နှစ်ကျော်ကြာစစ်ရှောင်ခိုလှုံနေကြတဲ့ ကောင်းလုံကျေးရွာဒေသခံ အိမ်ခြေ ၁၅ ကို ကိုးကန့် MNDAA က ဖေဖော်ဝါရီ ၁၇ ဒီနေ့ မနက် ၁၁ နာရီခန့်မှာ လာရောက်မောင်းထုတ်တယ်လို့ ဒေသခံတွေပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့တွေက အမြန်ပြန်ကြတော့ဆိုပြီး လာမောင်းထုတ်တယ်။ စစ်ရှောင်တွေက နေစရာအိမ်တွေမရှိတော့သလို ရွာလည်းတိုက်ပွဲကြောင့် ပျက်စီးသွားတာကြောင့် အခုနေရာအသစ်မှာဆောက်လုပ်နေဆဲဖြစ်တယ်။ အိမ်တွေဆောက်လုပ်ပြီးမှ ပြန်ပါ့မယ်လို့ တောင်းဆိုတောင်းပန်လည်း သူတို့က နားမထောင်ပေးဘူး အမြန်ထွက်သွားဖို့ပဲ မောင်းထုတ်နေတယ်။လို့ မုံးကိုးဒေသခံက ပြောပါတယ်။

ဒီစစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က စစ်ကောင်စီနဲ့ ကိုးကန့် MNDAA ကြား တိုက်ပွဲကြောင့် ကောင်းလုံကျေးရွာကနေ မုံးကိုးမြို့ထဲ ထွက်ပြေးတိမ်းရှောင်နေကြရသူများဖြစ်ပါတယ်။

စစ်ရှောင်ပြည်သူတွေကို လာရောက်မောင်းထုတ်နေတဲ့ MNDAA တပ်သားများ

အဲ့ဒီနောက် တိုက်ပွဲတွေ ယာယီငြိမ်သွားချိန် ကျေးရွာကို နေရပ်ပြန်ဖို့ စစ်ကောင်စီနဲ့ ညှိနှိုင်းတိုင်ပင်တာတွေ ပြုလုပ်ခဲ့ပေမဲ့ ကောင်းလုံရွာမှာ စစ်တပ်တပ်စွဲနေတာကြောင့် နေရပ်ပြန်လို့မရပဲ မုံးကိုးမြို့ထဲပဲ ဆက်လက်တိမ်းရှောင် နေထိုင်နေကြတာဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလမှာတော့ ၁၀၂၇ စစ်ဆင်ရေးနဲ့ အဲ့ဒီဒေသရှိ စစ်ကောင်စီတပ်စခန်းကို ကိုးကန့်MNDAA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ချိန် ကောင်းလုံရွာဟာ ကိုးကန့်ရဲ့ drone လက်နက်နဲ့ တိုက်ပွဲကြောင့် အားလုံးပျက်စီးသွားပြီလို့ ဒေသခံတွေပြောပါတယ်။

အဲ့ဒီလို တိုက်ပွဲဖြစ်ပွားပြီးနောက် ကောင်းလုံကျေးရွာကို ကိုးကန့် MNDAA က တာဝန်ယူ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်မပေးတဲ့အပြင် ရွာသားတွေ အိမ်ပြန်လို့မရသေးတဲ့အခြေအနေဖြစ်နေပေမဲ့ အခုလိုအတင်းအဓ္ဓမလာရောက် မောင်းထုတ်နေတာဖြစ်ကြောင်း ဒေသခံတစ်ဦးကလည်း အခုလိုပြောပါတယ်။

ကောင်းလုံက ၂၀၂၃ နိုဝင်ဘာလက တိုက်ပွဲကြောင့် တစ်ရွာလုံးနေအိမ်တွေလည်း အားလုံးပျက်စီးသွားပြီ။ တစ်ချို့က ဘာဆိုဘာမှ မရှိတော့ဘူး။ ဒီနေ့ထိ ရွာထဲမှာ မိုင်းရှင်းလင်းရေးတွေ မလုပ်သေးဘူး။ ရွာသားတွေက မပြန်ရဲလို့ မိုးကိုးမြို့ထဲမှာပဲ တိမ်းရှောင်နေရင်း အခြားနေရာအသစ်တစ်ခုရှာဖို့ အိမ်တွေဆောက်နေတာဟုတ်တယ်။ အခုအဲ့ဒီအိမ်တွေလည်း မပြီးသေးဘူး လာမောင်းထုတ်တာပါ။ ဟု မုံးကိုးဒေသခံတစ်ဦးကလည်း ပြောဆိုပါတယ်။

လက်ရှိမှာတော့ ကိုးကန့် MNDAA တပ်ဖွဲ့ကို စစ်ရှောင်တွေအနေနဲ့ ပြောင်းရွှေ့ထွက်သွားနိုင်ဖို့ အချိန် ၃ ရက်ပေးဖို့ တောင်းဆိုးထားတယ်လို့ ဆက်လက်သိရပါတယ်။

ကောင်းလုံရွာက စစ်ရှောင်ပြည်သူတွေဟာ မည်သည့်အဖွဲ့အစည်းကမှ ကူညီထောက်ပံ့မှုတွေ မရရှိသလို နေရပ်ပြန်လို့မရတာကြောင့် ကိုယ့်အားကိုယ်ကိုးပြီးတတ်နိုင်သလောက် အခြားနေရာတစ်ခုရှာက နေအိမ်တွေဆောက်လုပ်နေဆဲအတောအတွင်း အခုလိုမောင်းထုတ်ခံနေရတာဖြစ်ပါတယ်။

ကောင်းလုံရွာဟာ မုံးကိုးနဲ့ မောင်းဆိုင်ကြား မုံးကိုးမြို့ကနေ ၃ မိုင်လောက်အကွာမှာရှိတဲ့ ကချင်ရွာတစ်ခုဖြစ်ပါတယ်။

မုံးကိုးမြို့ထဲ လက်ရှိ နေရပ်ပြန်လည်ထူထောင်ရေးမလုပ်နိုင်သေးတာကြောင့် ခိုလှုံနေကြရတဲ့ စစ်ရှောင်ပြည်သူတစ်ချို့လည်း ရှိသေးကြောင်းသိရပါတယ်။

မုံးကိုးမြို့နဲ့ ဖောင်းဆိုင်ဒေသကို ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလက ကိုးကန့် MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အုပ်ချူပ်နေပြီပဲဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button