Home
မြန်မာသတင်း
ပင်းတယတွင် စစ်တပ်ဖမ်းဆီးခဲ့သည့် လူငယ် ၁၁ ဦး ပြန်မလွတ်သေးသဖြင့် မိသားစုဝင်များစိုးရိမ်
DVB
·
February 15, 2024
pin da ya 1522024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် ရေပြာအိုင်ကို အလည်သွားခဲ့တဲ့ လူငယ် ၁၁ ဦးဟာ ပြန်လာချိန် ပင်းတယမြို့ ကျုံးဂိတ်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရပြီး အခုထိ ပြန်မလွတ်သေးဘူးလို့ နီးစပ်သူထံက သိရပါတယ်။

ဖေဖော်ဝါရီ ၂ ရက်က ဖမ်းဆီးခံခဲ့ရတဲ့ အဲဒီလူငယ် ၁၁ ဦးဟာ တောင်ကြီးမြို့ဇာတိဖြစ်ပြီး အသက် ၂၀ ကျော်အရွယ် လူငယ်တွေဖြစ်တယ်လို့ သိရပါတယ်။

“ဖမ်းတုန်းက ကားဆရာကိုတော့ မဖမ်းဘူး။ ပင်းတယမှာဖမ်းပြီး အခု တောင်ကြီး မြို့မရဲစခန်းမှာ လွှဲလိုက်ပြီလို့ ပြောတယ်။ မိသားစုနဲ့ တွေ့ခွင့်လည်း မရသေးပါဘူး။ ဖမ်းခံရသူတွေက အမျိုးသား ၇ ဦး အမျိုးသမီး ၄ ဦး ဖြစ်ပါတယ်” လို့ နီးစပ်သူက ပြောပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ထုတ်ပြန်ခဲ့တာကြောင့် အခုအဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

“ဖမ်းခံရပြီး ရှေ့တန်းပို့ခံရမလား စသဖြင့် အတွေးအရမ်းများတယ်။ လူငယ်တွေလည်းဖြစ်တယ်၊ မိန်းကလေးတွေလည်းပါတော့ အတွေးပိုစုံတယ်။ ခုထိ အမှုတော့ မစွဲသေးဘူး” လို့ နီးစပ်သူ မိသားစုဝင်က ပြောပါတယ်။

ပင်းတယမြို့နယ် ကျုံးဂိတ်မှာ ၂၀၂၄ ခုနှစ်အတွင်း ခရီးသွားပြည်သူတွေကို စစ်ကောင်စီတပ်က ငွေ‌တောင်း ငွေညှစ်မှုတွေ မကြာခဏ ရှိနေသလို ငွေမပေးတဲ့ ခရီးသွားပြည်သူတွေကို အမျိုးမျိုးရစ်တာ ဖမ်းဆီးတာတွေ မကြာခဏ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024