Home
မြန်မာသတင်း
ရိုဟင်ဂျာများကို စစ်မှုထမ်းခိုင်းရန် စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေ
DVB
·
March 18, 2024
Rohingya Training

ရခိုင်ပြည်နယ်၊ စစ်တွေမှာ ဒုက္ခသည်စခန်းနဲ့ ရွာတွေမှာရှိတဲ့ ရိုဟင်ဂျာအမျိုးသားတွေကို စစ်မှုထမ်းခိုင်းဖို့အတွက် စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၁၄ ရက်က စလို့ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးနေတာဖြစ်ပြီး အခုအချိန်အထိ အယောက် ၁၅၀ လောက် ဖမ်းဆီးထားပြီလို့ ဆိုပါတယ်။

အုန်းတောကြီးရွာ ဒေသခံတယောက်က “ပြည်သူ့စစ်အတွက်ဆိုပြီး အယောက် ၃၀၀ စီ နှစ်သုတ်ခေါ်ပြီး သင်တန်းပေးထားတယ်။ အဲဒီထဲက ပထမအသုတ်က အယောက် ၁၀၀ ကို ရသေ့တောင်ဘက်ကို ပို့တာမှာ သေတာ၊ ဒဏ်ရာရတာတွေ ဖြစ်တယ်။ အခု သူတို့မှာ လူလိုလို့ လာခေါ်တော့ သင်တန်းဆင်းပြီးသားသူတွေကလည်း မလိုက်ကြတော့ဘဲ ရှောင်နေကြတယ်။ စာရင်းမှာပါတဲ့သူတွေကို မတွေ့တော့ တွေ့တဲ့သူကို ဖမ်းနေတာ။ လမ်းမှာ သွားလာတဲ့သူတွေကို ဖမ်းတာ။ ဒီနေ့မှာလည်း Camp က လူကြီးတွေဆီကို စစ်တပ်က လာမယ်လို့ ပြောထားတယ်။ ယောကျ်ားလေးတွေ ရှောင်နေကြရတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်က စစ်တွေ ဒုက္ခသည်စခန်းနဲ့ ရွာတွေက ရိုဟင်ဂျာအမျိုးသား အယောက် ၃၀၀ ကိုခေါ်သွားပြီး စစ်သင်တန်း နှစ်ပတ်ပေးခဲ့တာပါ။ ပြီးတော့ မတ် ၄ ရက်နေ့မှာ ဒုတိယအသုတ်အဖြစ် အယောက် ၃၀၀ ထပ်ခေါ်ပြီး သင်တန်းပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “စစ်တွေမြို့နယ်ထဲမှာ Camp (ဒုက္ခသည်စခန်း) ၁၃ ခုရှိတယ်။ Camp တခုမှာ‌ ကော်မတီဝင် ၁၅ ယောက်စီရှိတယ်။ စကစ က ခန့်ထားတာ။ သူတို့ တယောက်စီကို ပြည်သူ့စစ်အတွက် လူ ၂၅ ယောက်စီ စာရင်းပေးဖို့ တောင်းတယ်။ သူတို့လည်း သူတို့သိတဲ့သူတွေကို စာရင်းပေးလိုက်တာပေါ့။ ကာယကံရှင်ဆန္ဒ မပါဘူး။ ရွာတွေမှာလည်း ဗလီတွေမှာ ကြေညာခိုင်းတယ်။ ရွာအုပ်ချုပ်ရေးပိုင်းတွေဆီကနေ လူတောင်းတယ်။ ရွာတွေကတော့ လူပေးရတာ နည်းတယ်။ ဂေါက်ကွင်းနားက တပ်ထဲမှာ သင်တန်းပေးတယ်။ ပထမအသုတ် သင်တန်းပြီးလို့ ပြန်ပို့ပြီး ၂ ရက်အကြာမှာ လူ ၁၀၀ ကိုခေါ်ပြီး ရသေ့တောင်ကိုပို့တာမှာ သေကြတာ” လို့ ပြောပါတယ်။

ရသေ့တောင်မှာ ရိုဟင်ဂျာတွေကို လှေနဲ့ခေါ်သွားတုန်း ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်လို့ ရိုဟင်ဂျာအများအပြား သေဆုံးတယ်လို့ သတင်းထွက်ပေမဲ့ ၅ ယောက် သေဆုံးတာကိုပဲ အတည်ပြုလို့ရတယ်လို့ NGO တခုမှာ အလုပ်လုပ်ကိုင်နေသူ ရိုဟင်ဂျာတဦးက ပြောပါတယ်။

“၅ ယောက်ရဲ့ မိသားစုတွေကို တမိသားစုကို ငွေ ၁၀ သိန်းနဲ့ ဆန်အိတ် ၂ အိတ်စီ စကစက ပေးခဲ့ပါတယ်။ ဒါကြောင့် ၅ ယောက်သေတယ်လို့ပဲ ပြောနိုင်သေးတာပါ။ ဒဏ်ရာရတာကတော့ အစပိုင်းက သိရတာ ၁၀ ယောက်ပဲ။ ဒါပေမဲ့ ကျန်တဲ့ ၈၅ ယောက်လုံးနဲ့က အဆက်အသွယ် လုံးဝမရကြတော့ လူတွေက စိုးရိမ်နေကြတာ။”နောက်ဆုံးသိရသလောက်တော့ ရသေ့တောင်ဘက်မှာ ဒဏ်ရာရလာတဲ့ ရိုဟင်ဂျာတွေကို စစ်တွေက ခုတင် ၁၀၀ စစ်ဆေးရုံမှာ ဆေးကုသပေးနေပြီး အဲဒီမှာ အယောက် ၂၀ လောက်ပဲရှိတာကို တွေ့ရတယ်လို့ ဒုက္ခသည်စခန်းကော်မတီ လူကြီးတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024