ဝေါတွင် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းမိပြီး ကလေးငယ် ၂ ဦး ဒဏ်ရာရ

မြေမြှုပ်မိုင်းအမျိုးအစားတခု (ဓါတ်ပုံ- KHRG (ပုံဟောင်း))

YT

(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံကျေးရွာအနီး စစ်တောင်းမြစ်အတွင်းမှ ငှက်ပျောတပင်သောင် အစပ်တွင် ကစားနေသောကလေးငယ်နှစ်ဦး စစ်ကောင်စီတပ်မှထောင်ထားသည့်မိုင်းမိပြီး ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၁၃ ရက် ယမန်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်က စစ်တောင်းမြစ်အတွင်းမှ ငှက်ပျောတပင်သောင် အစပ်တွင် ကလေးငယ်နှစ်ဦးဆော့ကစားရာမှ စစ်ကောင်စီတပ်ကထောင်ထားသည့် နင်းမိုင်း ထိမိခဲ့၍ ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီကလေးနှစ်ယောက်က သူတို့အဖေနဲ့ စက်လှေစီးပြီး ကမ်းကပ်လာတာ။ အဖေက ကမ်းနားက သူတို့ တဲကိုသွားနေတဲ့အချိန် ကမ်းနားမှာဆော့နေတုန်း ဖြစ်တာ။ နင်းမိတာတော့မဟုတ်ဘူး ဆော့ရင်း ချော်ကျ ပြီး လက်နဲ့ထောက်မိတာ” ဟု ဒေသခံတဦးကမဇ္ဈိမကိုပြောသည်။

ဒဏ်ရာရသည့် ကလေးငယ်များမှာ ဝေါမြို့နယ်၊ အုတ်ဖိုကျေးရွာမှ ဦးသောင်းဟန်၏ သားဖြစ်သူ အသက် ငါးနှစ်အရွယ်နှင့် တူဖြစ်သူ အသက်ခုနစ်နှစ်အရွယ် ယောကျ်ားလေးနှစ်ဦး ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသူနှစ်ဦးသည် မျက်လုံး၊ ဝမ်းဗိုက်၊ ခြေထောက်၊ လက်တို့တွင် မိုင်းစထိမှန် ဒဏ်ရာများရခဲ့ပြီး အသက် ခုနစ်နှစ်အရွယ်ကလေးမှာ ဒဏ်ရာပြင်းထန်ကာ လက်ရှိတွင် နှစ်ဦးလုံး ပဲခူးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး အခြေအနေစိုးရိမ်နေရဆဲဖြစ်ကြောင်း သိရသည်။

ကလေးငယ်များထိခိုက်စေခဲ့သောမိုင်းသည် ဇန်နဝါရီလအတွင်းက ငှက်ပျောတပင်သောင်သို့ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်က ထောင်သွားသည့်မိုင်းများအနက်တခုဖြစ်ပြီး နေရာအနှံ့ မိုင်းများထောင် သွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

“လက်ပံရွာကို တော်လှန်ရေးဘက်ကတိုက်ပြီးကတည်းက သောင်တွေ၊ ကမ်းနားတွေမှာ စကစတပ်က မိုင်းတွေထောင်သွားတာ။ ရွာသားတွေကိုတော့ ဘယ်လမ်းကသွား၊ ဘယ်လမ်းကသွားဆိုပြီး ပြောထား တာတော့ရှိတယ်။ အခုဆို တချို့မိုင်းတွေက ပေါ်နေတယ်၊ အဲ့ဒါမျိုးတွေဆို တိုင်လေးတွေ ဘေးနားစိုက် ထားတယ်၊ နင်းမိမှာစိုးလို့ပေါ့။ သူတို့ဘာလို့ ထောင်လဲဆိုတော့ သောင်တွေထဲမှာ PDF တွေနေတယ်ဆိုပြီး ယူဆလို့ပေါ့” ဟု ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များ ကျိုက်ထိုမြို့နယ်ဘက်မှ လှေဖြင့် စစ်တောင်းမြစ်ကိုဖြတ်ကာ တဖက်ကမ်းရှိ ဝေါမြို့နယ်အတွင်း ဝင်ရောက်ရန် စီစဉ်နေသည်ဟူသည့် ကောလာဟလများကြောင့် ညအချိန် စက်လှေဖြင့် ကင်းလှည့်ခြင်း၊ မြစ်ကမ်းစပ်ရှိ သောင်ပြင်များ၊ လယ်ကွင်းများတွင် မိုင်းထောင် ခြင်း၊ ကင်းပုန်းဝပ်ခြင်းများ မကြာခဏ ပြုလုပ်မှုရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ထံက သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့က လက်ပံကျေးရွာသင်္ချိုင်းအနီးရှိ လယ်ကွင်းကန် သင်းစပ်တွင် စစ်ကောင်စီထောင်ထားသည့်မိုင်းနင်းမိ၍ ရွာသားတဦး ညာခြေကျင်းဝတ် ပြတ်တောက်ပြီး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်။

စာတည်း။ ။စောဖေ