တနင်္ဂနွေ၊ ဇွန်လ ၉ရက်၊ ၂၀၂၄

ဘူးသီတောင်မြို့နယ်မှ အကြီးဆုံးတောင်ဘဇားနယ်ခြားစောင့်စခန်းက အင်အား ၃၀၀ခန့် ရက္ခိုင့်တပ်တော်ထံလက်နက်ချ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၃ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 16k

ရခိုင်အနောက်ဘက်နယ်စပ် ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းမှ အကြီးဆုံး နယ်ခြားစောင့် စခန်းတစ်ခုဖြစ်သည့် တောင်ဘဇားနယ်ခြားစောင့်စခန်းမှ မိသားစုများ အပါအဝင် လူပေါင်း ၃၀၀ ခန့်သည် ရက္ခိုင့်တပ်တော် ( AA) ထံ လက်နက်ချသွားသည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်အရ သိရသည်။

“ လက်နက်ချတဲ့အထဲမှာ ရဲရော၊ စစ်သားတွေရောပါတယ်လို့ သိရပါတယ်။ မိသားစုနဲ့ ပေါင်းရင် အင်အား ၃၀၀ လောက်ရှိတယ်လို့ ကြားရပါတယ်။ ဒီနေ့ချသွားတာပါ”ဟု ပြောဆိုသည်။

၎င်းတောင်ဘဇားနယ်ခြားစောင့်စခန်းသည် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်အကြီးဆုံး စခန်းကြီးတစ်ခုဖြစ်ပြီး နယ်ခြားစောင့်တပ်ဖွဲ့၏ အရေးပါသော ဗျူဟာ စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

နိရဉ္စရာသတင်းဌာနသို့ နောက်ထပ် သတင်းရင်းမြစ်တစ်ခုကလည်း တောင်ဘဇားနယ်ခြားစောင့် စခန်းတစ်ခုလုံး လက်နက်ချသွားသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ် မေးမြန်းနေဆဲဖြစ်ပါသည်။

လက်ရှိတွင် ဘူးသီးတောင်မြို့ အနီးဝန်းကျင်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေပြီး မြို့၏ တောင်ဘက်  စိုင်းတင်တံတားအနီးတွင် တိုက်ပွဲမှာ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေကြောင်း သိရှိနေသည်။

ဘူးသီးတောင်မြို့တွင် စစ်ကောင်စီ အမှတ် ( ၁၅) စစ်ဗျူဟာကွပ်ကဲမှုဌာနချုပ် (ဒေသအခေါ် တပ်မ)၊  ခလရ (၂၆၃)၊ ခမရ (၅၆၅)၊ ခမရ (၅၆၄)နှင့် အမြောက်တပ်ရင်း (၃၇၈) တို့ အခြေစိုက်ထားသည်။

၎င်းတပ်မနှင့် တပ်ရင်းအချို့မှ လက်နက်ကြီးကျည်များဖြင့် တိုက်ပွဲဖြစ်ပွားရာသို့ ပစ်ကူပေးသည့်အပြင် ဂျက်ဖိုက်တာများဖြင့်လည်း ဗုံးကြဲ တိုက်ခိုက်မှုများလည်း ရှိနေသဖြင့် အနီးအနားရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!