တနင်္ဂနွေ၊ ဇွန်လ ၉ရက်၊ ၂၀၂၄

စစ်ရေးအရှိန်မြင့်တက်လာမှုနှင့်အတူ မြို့တော်စစ်တွေတွင် ညမထွက်ရအမိန့်ထုတ်ပြန်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၁ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

ရခိုင်စစ်ရေးအရှိန်မြင့်တက်လာမှုနှင့်အတူ ရခိုင်မြို့တော် စစ်တွေတွင် ညမထွက်ရအမိန့်ကို စစ်ကောင်စီက ယနေ့ညတွင် ထုတ်ပြန် ကြေညာလိုက်သည်။

ညမထွက်ရသည့်အချိန်မှာ ည ၉နာရီမှ နံနက် ၄နာရီထိဖြစ်သည်ဟု မြို့ခံများကပြောသည်။

၎င်းညမထွက်ရ အမိန့်ကို ယနေ့ဖေဖော်ဝါရီ ၁ရက်နေ့ ညနေ ၅နာရီခန့်က စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးက ရပ်ကွက်များကို လိုက်လံကြေညာခဲ့သလို လူမြင်ကွင်းတွင်လည်း စာများကပ်ထားသည်ဟု စစ်တွေမြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

" ညနေ ၅နာရီလောက်က ဆိုက္ကားနဲ့လည်ပြီးတော့ ညမထွက်ရလို့ အသံချဲ့စက်တွေ၊ လက်ကိုင် စပီကာတွေနဲ့ ကြေညာတယ်။ အုပ်ချုပ်ရေးမှူးတွေလည်း ပါတယ်။ ထွက်ရင် အရေးယူမယ်လို့ ပြောတယ်။စစ်တွေမြို့နယ် စည်ပင်သာယာ ဧရိယာအတွင်းလို့ပါတယ် ။နယ်ဖက်တွေလည်းပါတယ် " ဟုပြောသည်။

ရခိုင်တွင် မြို့အများအပြားတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ တပ်မ၊ တပ်ရင်းများကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

လက်ရှိ ရက္ခိုင့်တပ်တော်မှ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့တို့ရှိ တပ်ရင်း တပ်ဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တပ်ရင်းအများအပြားကို သိမ်းပိုက်ရရှိထားပြီး အဆိုပါ စစ်ပွဲများ၏ ဂယက်မှာ စစ်တွေမြို့အထိပါ ရိုက်ခတ်လာသဖြင့် မြို့ကို စွန့်ခွာသွားကြသူများရှိသလို လုံခြုံရေးကို အထူးတင်းကြပ်လာသည်ဟု သိရသည်။

စစ်တွေမြို့တွင် ညဖက်ဆိုလျှင် သေနတ်ပစ်ခံများကြားရပြီး ‌စစ်ဖက်သုံးလေ ယာဉ်အတက်အဆင်း သံများ ကိုညစဉ်လိုလိုကြားရသည်ဟု စစ်တွေမြို့ခံတစ်ဦးကပြောသည်။

" ည‌ နေဖက် ဆိုရင် ခရီးသည်ယာဉ်တွေဆင်းသံလည်းကြားရတယ်။  ရဟတ်ယာဉ်တို့ စစ်ဖက်ဆိုင်ရာမှာ အသုံးပြုတဲ့လေယာဉ် အတက်အဆင်းသံလည်းကြားရတယ်။ သေနတ်တွေ ပစ်သံလည်း ညတိုင်းနေ့စဉ်လိုလိုကြားနေရတယ်" ဟုပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်းစစ်တွေမြို့မှ အရေးပါသော ရေလမ်းဝင်ထွက်ပေါက် နေရာ ၂ခုဖြစ်သည့် ဆတ်ရိုးကျတံတားအောက်နှင့် စစ်တွေမြို့လယ်ချောင်း၀ ကိုးရီးယားဆိပ်ကမ်း တံတားအနီးတို့တွင် စစ်ကောင်စီက တပ်စွဲနေရာယူထားကြောင်းသိရသည်။(NN-11) 

ဆက်စပ် သတင်းများ