သတင်း

ကသာမှာ တိုက်ပွဲဖြစ်တာမရှိပဲ လေကြောင်းတိုက်ခိုက်ခံရ

စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်က ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က မနေ့က ညနေပိုင်း ၅ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကသာမြို့နယ်ထဲက ဟဲနားဆိုတဲ့ရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တာတစ်စုံတစ်ရာမရှိပဲ ဂျက်ဖိုက်တာအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ယောက်က KNG ကို ပြောပါတယ်။

ဟဲနားဘက်ကို မနေ့ကညနေပိုင်းမှာ ဘာတိုက်ပွဲမှမရှိပဲ ဂျက်ဖိုက်တာကလာချသွားသေးတယ် အဲ့နားကတိုက်ပွဲတွေ ဖြစ်ခဲ့တာလည်းမရှိပါဘူး ဒါပေမဲ့ အရင်ကတော့တော်လှန်ရေး အဖွဲ့တွေ သွားလာလှုပ်ရားတဲ့နေရာတွေပေါ့လို့ပြောပါတယ်။

လေကြောင်းကနေ ကြဲချတဲ့ဗုံးသီးဟာ ဟဲနားရွာနားက ကားလမ်းမကြီးပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး တစ်လုံးသာ ပေါက်ကွဲသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်က ကြဲချတဲ့ဗုံးသီးဟာ ပေါင် ၅၀၀ ဗုံးသီးဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်စုံ တစ်ရာထိခိုက်မှုမရှိပေမဲ့ ရာသီအလိုက်ကျင်းပနေတဲ့အလှူပွဲက အရပ်သားတွေစိုးရိမ်လို့ ထွက်ပြေး ခဲ့ကြရတယ်လို့ ဒေသခံတစ်ယောက်က အခုလိုဆက်ပြောပါတယ်။

ထိခိုက်မှုတော့မရှိပါဘူး ဒေသခံတွေကတော့ ထိတ်လန့်နေကြတာပေါ့ နောက်ထပ်များလာအုံး မလားပေါ့ အကြောင်းမဲ့လာချတာကို ကျေးရွာတွေမှာက ဘာသာရေးထုံးတမ်းတွေအရ အလှူ လုပ်နေတဲ့ကာလဆိုတော့ အကုန်ပျက်သွားတာပေါ့လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ခုလိုလေကြောင်းဗုံးကြဲတိုက်ခိုက်တာဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိတယ်အထင်နဲ့ပစ်ခတ်တာဖြစ်နိုင်သလို တစ်ဖက်မှာ အရပ်သားပစ်မှတ်လို့လည်းယူဆတယ်လို့ ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။

လူစုလူဝေးကတော့ အဲ့အလှူတွေမှာပဲရှိတယ် ကျတဲ့နေရာကလည်း အလှူအိမ်နဲ့ ပေ၇၀၀ ဝန်း ကျင် လောက်မှာကျတာ အရပ်သားပစ်မှတ်တွေပါပဲ လို့ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ဟဲနားမြို့ဟာ ကသာမြို့ပေါ်နဲ့ဆိုရင် မြောက်ဘက် ၁၄မိုင်ခွဲအကွာမှာတည်ရှိပြီး ဗန်းမော်ကသာ လမ်းမကြီးပေါ်ကရွာဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီတပ်ဘက်က ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကစတင်ပြီးတော့ ကသာမြို့ ပေါ်မှာရှိတဲ့ ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးမှူးတွေဦးဆောင်ပြီး စစ်မှုထမ်းဖို့စာရင်းကောက်တာတွေ လုပ်နေတာလည်းဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button