တိုက်ပွဲသတင်း

စီခမ်းကြီး ဗျူဟာမြောက် အထိုင်စခန်းကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

နှစ်ပေါင်း ၃၀ ဝန်းကျင်ရှိတဲ့ ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီး (Jehkam) စစ်ကောင်စီ ဗျူဟာမြောက်အထိုင်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊  ရက္ခိုင့်တပ်တော် AA နဲ့ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေက ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီစီခမ်းကြီးစခန်းကို KIA ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ ၃ ရက်အကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်ကလည်း စခန်းလက်မလွတ်ရေး လေကြောင်းနဲ့အပြင်းထန်ဗုံးကြဲတိုက်ခိုက်တဲ့ကြား သိမ်းပိုက်ရရှိလိုက်တာလို့ သိရပါတယ်။

စခန်းသိမ်းလိုက်တာတော့ သေချာတယ် အသေးစိတ်ကတော့ ပြောရခက်သေးတယ်ဗျလို့ KPDF တစ်ဦးက ပြောပါတယ်။

စခန်းကိုအပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ပေမယ့် လက်ရှိ KIA နဲ့ပူးပေါင်းတပ်တွေဘက်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသေးတာကြောင့် သတင်းချက်လက်အသေးစိတ်ကို ထုတ်ပြန်လို့ မရသေးသလို စစ်တပ်ဘက်က ဒီကနေ့မနက်ထိ ဂျက်လေယာဉ်နဲ့ပစ်ခတ်တိုက်ခိုက် နေသေးတယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာထဲမှာရှိတဲ့ ဘာသာရေးအဆောက်အဦးနဲ့စာသင်ကျောင်းအပြင် အရပ်သားနေအိမ်တွေလည်း အမြောက်အများထိခိုက် ပျက်စီးသွားပြီဖြစ်တယ်လို့ သိရပြီး ဒေသခံ တစ်ထောင်ဝန်းကျင်ကလည်း ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

ဒီမနက်ထိလာပစ်တာတွေရှိသေးတယ်လို့ သိရတယ် ကျနော်တို့ကတော တိုက်ပွဲဖြစ်တဲ့နေ့ကတည်းက ထွက်လာနိုင်ခဲ့တာ အိမ်တွေလည်းရစရာကိုမရှိတော့ဘူးတဲ့လို့ မံစီမြို့ထဲရောက်နေတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်စဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဟာ စီခမ်းကြီးကျေးရွာအနီး တစ်ဝိုက်လေကြောင်းပစ်ခတ်တိုက်ခိုက်တဲ့အကြိမ်ပေါင်း ၃၀ ကျော်အထိရှိခဲ့တယ်လို့လည်း သိရပြီး နှစ်ဖက်တပ်တွေအကြား ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ သိရပါတယ်။

စီခမ်းကြီး ရွာအနားမှာရှိတဲ့ စစ်တပ်ရဲ့ဗျူဟာမြောက်အထိုင်စခန်းဟာ မံစီမြို့နဲ့ မိုင် ၃၀ လောက်ဝေးပြီး ရှမ်းနဲ့ကချင်အစပ်မှာရှိတဲ့ ကျေးရွာတစ်ခုဖြစ်တဲ့အပြင် မြစ်ကြီးနားမန္တလေးပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ နေရာဖြစ်တာကြောင့် စစ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအရ အချက်ချာကျတဲ့နေရာဖြစ်ပါတယ်။ 

ဒါ့အပြင် ကချင်ပြည်နယ်ရဲ့ခရိုင်စိုက်ရာမြို့တစ်ခုဖြစ်တဲ့ ဗန်းမော်မြို့ကို အဓိကကုန်းကြောင်းနဲ့ရိက္ခာထောက်ပို့ပေးနေတဲ့လမ်းကြောင်းလည်းဖြစ်တာကြောင့် စစ်တပ်က စီခမ်းအထိုင်တပ်စခန်းကို လက်မလွတ်ရေးအပြင်းထန် လေကြောင်းနဲ့ကာကွယ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စီခမ်းကြီးတပ်စခန်းဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက် မံစီမြို့နယ်အခြေစိုက် ခလရ ၁၂၁ တပ်ရင်း ခလရ ၁၅ ၊ခလရ ၂၇၆၊ ခလရ ၂၂၃ ပူးပေါင်းတပ်တွေအထိုင်ချထားတဲ့ စခန်းလည်းဖြစ်ပြီး ဗန်းမော်မြို့ဘက်မှာရှိတဲ့ စစ်တပ်ကို အဓိကထောက်ပံ့ပေးနေတဲ့လမ်းကြောင်းမှာရှိတဲ့ စခန်းလည်းဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ကချင်ရှမ်းအစပ်မှာရှိတဲ့ စစ်တပ်စခန်းတွေကို KIA,KPDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်သိမ်းပိုက်နေပြီး ဇန်နဝါရီလ တစ်လအတွင်းမှာဘဲ မဘိမ်းမြို့အပါအဝင် မံစီမြို့နယ်ထဲက မံဝိန်းကြီးတပ်စခန်း၊ ကိုက်ထိပ်တပ်စခန်း၊ ဘလောင်ဒိန်ဆာစခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button