Home
မြန်မာသတင်း
တနင်္သာရီနှင့် ခင်ဦးမြို့နယ်တို့မှ စစ်ရှောင်ပြည်သူများ အကူအညီလိုအပ်
DVB
·
February 5, 2024
Khin U IDPs_05022024
ThaninTharYi IDps_05022024

တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြရတဲ့ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာ အုပ်စုထဲက စစ်ဘေးရှောင်ပြည်သူ အများအပြားမှာ စစ်ရေးတည်ငြိမ်မှုမရှိသေးတဲ့အတွက် နေရပ်ပြန်လို့မရတာကြောင့် စားဝတ်နေရေး အကူအညီ လိုအပ်လာတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

ဇန်နဝါရီ ၃၁ ရက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ရွာတွေထဲ စစ်ကြောင်းထိုးလာတဲ့အတွက် ပြည်သူတွေ နီးစပ်ရာဒေသတချို့ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ ပြောပါတယ်။

နွေဦးမေတ္တာစစ်ရှောင်ကူညီနေသူတဦးက “ဘန်လောမှာ လက်နက်ကြီးတွေကျတော့ အရှေ့ကမ်းရော အနောက်ကမ်းရော ထွက်ပြေးကြတာ။ အရှ့ကမ်းမှာ နေသူတွေက ဘန်လင်ကို ထွက်ပြေးကြတယ်။ အနောက်ကမ်းကသူတွေက အားလုံးတော့မဟုတ်ဘဲ လက်နက်ကြီးကျတဲ့ တဝိုက်က လူတွေပဲ ရေပေါ်ရွာလုန်ကြီးကျောင်းမှာ လာတိမ်းရှောင်နေတယ်။ ဒါတောင်မှ လက်နက်ကြီးတွေက ဘန်လင်ရွာကို ထပ်လာကျလို့ သမီးလှရွာကို ပြန်ပြောင်းပြေးကြတယ်။ တရွာပြီးတရွာ ထွက်ပြေးကြရင်း သမီးလှရွာမှာ သွားနေကြရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီးနောက် အုပ်စုထဲရှိ အရှေ့ဘန်လော၊ အနောက်ဘန်လော၊ ဘန်လင်နဲ့ ၅ မိုင်၊ ၆ မိုင်ရွာတို့က လူဦးရေ ၉၀၀ လောက် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အဆိုပါစစ်ဘေးရှောင်ပြည်သူတွေထဲက လူဦးရေ ၅၀၀ ကျော်လောက်ကိုတော့ နွေဦးမေတ္တာစစ်ရှောင်ကူညီရေးအဖွဲ့က ကူညီ‌ပေးနေတာလို့ ဆိုပါတယ်။

စစ်ဘေးရှောင်လာသူတွေမှာ တိုက်ပွဲဖြစ်တဲ့အချိန် ကိုယ်ပိုင်ပစ္စည်းဥစ္စာတွေကို ကောက်ယူသိမ်းဆည်းဖို့ အချိန်မရဘဲ ရုတ်တရက် နေရပ်စွန့်ထွက်ထွက်ပြေးလာကြတာကြောင့် လက်ရှိ တိမ်းရှောင်နေရတဲ့ဒေသတွေမှာ ရက်ရှည် နေထိုင်စားသောက်ရေးအတွက် အခက်အခဲရှိလာနိုင်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူတဦးက ပြောပါတယ်။

စစ်ရှောင်ပြည်သူတဦးက “တိုက်ပွဲက ရက်ရှည်ဖြစ်တာလေ။ အရင်ကတည်းက ရွာမှာ ညဘက်လက်နက်ကြီးတွေကျတော့ နေ့ဆိုရွာမှာနေ၊ ညဆို ပြောင်းအိပ်ကြတာ။ ဒီတခါ လက်နက်ကြီးကျတာပဲ မဟုတ်ဘဲ တိုက်ပွဲပါဖြစ်တဲ့အတွက် အလောတကြီး ဘာမှမယူလာဖြစ်ကြဘူး။ ပြောင်းရွှေ့တဲ့ နေရာတွေမှာ စားသောက်ဖို့ အခက်အခဲရှိကြတယ်ပေါ့” လို့ ပြောပါတယ်။

လတ်လောမှာ အဆိုပါစစ်ရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ ရိက္ခာပစ္စည်းတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားတို့ကို စစ်ရှောင်ကူညီနေတဲ့အဖွဲ့က သွားရောက်ထောက်ပံ့ထားပေမဲ့ အလှုရှင်တွေလည်း နည်းပါးလာတဲ့အတွက် အဖွဲ့အနေနဲ့ ရက်ရှည်ထောက်ပံ့ကူညီပေးဖို့ ခက်ခဲလာတယ်လို့ စစ်ရှောင်ကူညီနေသူက ပြောပါတယ်။

လေကြောင်းပစ်ကူ နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ ဖေဖော်ဝါရီ ၂ ရက် ညမှာပဲ စစ်ကောင်စီက ကျေးရွာတွေမှာ ဖြန့်ကြက်ထားတဲ့ တပ်ဖွဲ့တွေကို ပြန်လည်ရုပ်သိမ်းပြီး ဆုတ်ခွာသွားခဲ့ပေမဲ့ စစ်ရေးမငြိမ်သက်သေးသလို စစ်ကြောင်း အချိန်မရွေး ပြန်ထိုးလာနိုင်တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်မရဲကြသေးတာလို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက "စစ်တပ်က ဆုတ်သွားပြီ။ နယ်မြေမရှင်းသေးဘူးဆိုတော့ ဒေသခံတွေ သွားလို့ မရသေးဘူး။ စစ်ရေးကမငြိမ်သေးဘူး။ စစ်ကြောင်းက ပြန်တက်လာလိုက်နဲ့ မြေပြင်အခြေအနေမှာ လုံးဝငြိမ်သက်မှုမရှိသေးတာ။ မနေ့ညက စစ်ကြောင်းပြန်ထိုးလာတယ်ဆိုလို့ ဆူဆူပူပူဖြစ်သွားသေးတယ်" လို့ ပြောပါတယ်။

ဒိ့မတိုင်ခင်က တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စုမှာ ရက်ရှည်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲကအချို့ နေရပ်ပြန်ကြတာ ရှိတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းကိုလည်း ဖေဖော်ဝါရီ ၅ ရက်နေ့ မနက်မှာ ရေဦးဘက်မှ အင်အား ၈၀ ကျော်နဲ့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီတွေ လိုအပ်နေပါတယ်။

အဆိုပါစစ်ကြောင်းဟာ ရွာသစ်၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မရမ်းအင်း၊ ကုန်းသာ၊ သဲကုန်းကြီး ရွာတွေကို ပစ်ခတ်ဝင်ရောက်နေတာကြောင့် အနီးနား အင်းပတ်၊ မြကန်၊ မူးသာ၊ ချမ်းသာကုန်း၊ အောင်သာ၊ အင်းပေါက်၊ ဒါန်းကုန်း၊ မုံတော စတဲ့ရွာတွေကပါ စုစုပေါင်း ပြည်သူ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ သဲကုန်းကြီးရွာသားတဦးက ပြောပါတယ်။

ဇန်နဝါရီ ၃၁ ရက်နဲ့ ဖေဖော်ဝါရီ ၁ ရက်ကလည်း စစ်ကောင်စီတပ်က သာဝတ္ထိရွာနဲ့ ကလုံရွာတွေကို စစ်ကြောင်းထိုးကာ နေအိမ် ၂၀၀ ခန့် မီးရှိုးပြီး ပြည်သူသုံးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးဆီက သိရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးတာ ဇန်နဝါရီမှာ ၄ ကြိမ်နဲ့ ဖေဖော်ဝါရီမှာ ၂ ကြိမ်ထိ ရှိနေပြီး သာဝတ္ထိရွာမှ အသက်၈၅နှစ်အရွယ် အဘွားတဦးလည်း ဖေဖော်ဝါရီ ၃ ရက်က အအေးဒဏ်ကြောင့် သေဆုံးခဲ့ရတယ်လို့ သာဝတ္ထိရွာမှ အမျိုးသမီးတဦးက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024