Home
မြန်မာသတင်း
ရေး-သံဖြူဇရပ်လမ်းပေါ်၌ လက်ပြန်ကြိုးတုပ်ထားသည့် အလောင်းတွေ့၊ အမျိုးသား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
DVB
·
March 17, 2024
Yay Dead body1_17032024
Yay Dead body_17032024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူဇရပ်လမ်းပေါ် ကြိုးတံတားရွာနဲ့ စံပြရွာကြားမှာ မတ် ၁၇ ရက် ဒီနေ့ မနက်ပိုင်းက လည်ပင်းပြတ်ရှဒဏ်ရာနဲ့ လက်ပြန်ကြိုးတုပ် သေဆုံးနေတဲ့ အမျိုးသားအလောင်း တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မနက် ၇ နာရီခွဲလောက်မှာ လည်ပင်းမှာ ဓားဒဏ်ရာနဲ့ မှောက်လျက်သေဆုံးနေသူကို တွေ့ရတာဖြစ်ပြီး လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံထားရတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရုပ်အလောင်းကို ရွှေဟင်္သာလူမှုကူညီရေးအသင်းက လမိုင်းပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ကူညီပေးခဲ့ပြီး အဲဒီကတဆင့် လမိုင်းလူမှုကူညီရေးအဖွဲ့က လမိုင်းသုဿာန်မှာ မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူဟာ ဘယ်က ဘယ်သူဆိုတာ မသိရသေးသလို ဘယ်သူတွေက ဘာကြောင့် သတ်သွားလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။

အဲဒီ ရေး-သံဖြူဇရပ် ကားလမ်းမပေါ်ဟာ လက်နက်ကိုင်တပ်တွေဟာ စစ်ရေးလှုပ်ရှားရာ ဒေသလည်းဖြစ်ပြီး အရပ်သားတွေဟာ မကြာခဏ တိုက်ခိုက်ခံရတာမျိုးတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၉ နာရီခွဲလောက်မှာပဲ ရေးမြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းမပေါ်က ကြိုးတံတားနားမှာ အမျိုးသားတယောက် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မျက်မြင်ဒေသခံတယောက်က “အဲဒီအမျိုးသားကို သေနတ်သမားတွေက ဆိုင်ကယ်စီးပြီး လာပစ်သွားတာ။ သူက ဒီနယ်မြေဘက်ကလူ မဟုတ်ဘူး။ ရောက်လာတာ မကြာသေးဘူး။ စိတ်မနှံ့သလို ဖြစ်နေတာ သူ့ပုံစံက အခုတော့။ သေနတ်ပစ်ခံရပြီး နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့တယ်” လို့ ပြောပါတယ်။

သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့အလောင်းကို ကူညီသယ်ပေးဖို့ မနက် ၁၁ နာရီလောက်မှာ အကူအညီတောင်းလာတာကြောင့် အခင်းဖြစ်နေရာကနေ အလောင်းကို လမိုင်းဆေးရုံရင်ခွဲဆီ ကူညီပို့ဆောင်ပေးခဲ့ရတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

သေနတ်ပစ်ခံတဲ့နေရာဟာ စစ်ကောင်စီလက်အောက်ခံ BGF တွေ နေရာယူထားခဲ့တဲ့ ဂိတ်စခန်းနေရာဖြစ်ပေမယ့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့လတွေက အဲဒီဂိတ်စခန်းနေရာကို ဝင်ရောက်စီးနင်းသိမ်းပိုက်ပြီးနောက် ဘယ်လက်နက်ကိုင်မှ မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သေနတ်ပစ်ခံရတဲ့အမျိုးသားရဲ့ အချက်လက်တွေနဲ့ ဘယ်အဖွဲ့က ပစ်ခတ်သွားခဲ့သလဲဆိုတာ မသိရသေးဘဲ ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ မရသေးပါဘူး။

ဓာတ်ပုံ-ရွှေဟင်္သာလူမှုကူညီရေးအသင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024