Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာအချို့ကို တော်လှန်ရေးတပ်များတိုက်ခိုက်၊ ၅ ဦးသေဆုံး
DVB
·
February 1, 2024
Revolutionary Army_0122024

စစ်အာဏာသိမ်းတာ ၃ နှစ်ပြည့်တဲ့ ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနဲ့ ပုလဲမြို့နယ်က စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေး တပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ညနေ ၄ နာရီကျော်က ဆားလင်းကြီးမြို့ပေါ်က ရဲစခန်းနဲ့ စစ်သားတွေ အထိုင်ချ တပ်စွဲထားတဲ့ ပြည်သူ့ဆေးရုံတို့ကို တော်လှန်ရေးမဟာမိတ်တပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားရောက် တိုက်ခိုက်ခဲ့ကြတယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ Monywa Inventer အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“၃ နှစ်ပြည့်အနေနဲ့ သွားပစ်တာဗျ။ ရဲစခန်းမျာက အင်အားဖြည့်ထားတော့ ၆၀ လောက်ရှိတယ်ဗျ။ ဖရဲသီး သတင်းပေးချက်အရ ၅ ကောင်ကျ၊ ဒဏ်ရာရတဲ့သူ တချို့လည်းရှိတယ်ဗျ။ ခရိုင်တပ်ရင်း အပါအဝင် တပ်ပေါင်းစုနဲ့ လက်နက်ကြီးက ၇ ဖွဲ့ဗျ။”

စစ်ကောင်စီက အနီးကပ်လာရောက်ပစ်ခတ်တဲ့ လက်နက်ငယ်အဖွဲ့တွေကို ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ညနေ ၆ နာရီလောက်မှာ တော်လှန်ရေးတပ်တွေ အထိအခိုက်မရှိ ပြန်ဆုတ်ခွာလာခဲ့ပြီး စစ်ကောင်စီဘက်ကတော့ အခုညပိုင်း ၇ နာရီလောက်အထိ ပစ်ခတ်နေတုန်းပဲလို့ ဆိုပါတယ်။

ပုလဲမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ ကင်းစခန်းတခုကို ချင်းတွင်းတိုးနယားတပ်ဖွဲ့နဲ့ ယင်းမာပင် တပ်ရင်း ၂၉၊ တပ်ခွဲ ၃ ကိုဘသာအဖွဲ့တို့ ပူးပေါင်းပြီး ညပိုင်း ၁၂ လောက်မှာ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

ချင်းတွင်းတိုးနယားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “ပုလဲမြို့အရှေ့ခြမ်းမှာရှိတဲ့ သရက်ခြံ ကင်းစခန်းကို သွားတိုက်ခိုက်တာပါ။ အဲဒီမှာ စစ်အင်အား ၁၀၀ ကျော် ရှိတယ်ဗျ။ သူတို့က လက်နက်ငယ်တွေနဲ့ ဆက်တိုက် ပြန်ပစ်တယ်ဗျ။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘဲ ပြန်ရောက်ကြပါပြီ” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အကျအဆုံးသတင်းကိုတော့ မသိရသေးဘူး လို့လည်း သူက ဆက်ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024