လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

တိုက်ပွဲကျန်လက်နက်ကြီးကျည်ယူဆော့ရာမှ ကလေး ၃ ယောက်သေဆုံး

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက်ပိုင်း ၉ နာရီ ဝန်းကျင်လောက်က တိုက်ပွဲကျန်လက်နက်ကြီးကျည်ယူဆော့ရာကနေ ကလေးငယ် ၃ ယောက်သေဆုံးသွားတယ်လို့ တအာင်း အမျိုးသမီးအဖွဲ့အစည်း TWO ဆီကသိရပါတယ်။

ဖြစ်စဥ်မှာ နမ့်ဆန်မြို့နယ် ဇယန်းကြီးရွာ ပန်းပဲတန်းရပ်ကွက် ၇ မှာ ကလေးငယ် ၅ ယောက်ဟာ လက်ဖက်ခြံကိုသွားတဲ့အချိန် လက်နက်ကြီးကိုတွေ့ပြီးယူဆော့ရာက‌နေ ပေါက်ကွဲ မှုဖြစ်ပွားခဲ့တာလို့ တအာင်း အမျိုးသမီးအဖွဲ့အစည်း TWO က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ကလေးတွေက သူတို့ရွာနားက လက်ဖက်ခြံကိုသွားရင်းနဲ့ လက်နက်ကိုတွေ့တာ အဲ့ဒီထဲက ၂ ယောက်က အဲ့လိုနောက်ထပ်လက်နက်မျိုးတွေ့မလားသွားရှာတာ ရှာနေတဲ့အချိန် ကျန်ခဲ့တဲ့ကလေး ၃ ယောက်က သူတို့တွေ့တဲ့ လက်နက်ကအတောင်ကိုဆွဲဖြုတ်လိုက်တော့ ပေါက်ကွဲသွားတာ ၂ ယောက်ကတော့ လွတ်သွားတယ်လို့ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်မှာ ကလေးငယ် ၂ ယောက်က နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး နောက်ထပ်ကလေးငယ်ကတော့ ဆေးရုံပို့ဖို့လုပ်တဲ့အချိန်သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

သေဆုံးခဲ့ရတဲ့ကလေးငယ်တွေဟာ အသက် ၆ နှစ်အရွယ် အခြိူဝ်း၊ အသက် ၉ နှစ်အရွယ် မိုင်းအစော နဲ့ အသက် ၈ နှစ်အရွယ် မိုင်းလှမင်းအောင်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့က စခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်ကြားဝင်မှုနဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ အပစ်ရပ်ခဲ့ပေမဲ့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း ကျန်နေခဲ့တဲ့ လက်နက်ကြီးနဲ့ မြေမြုပ်မိုင်း တွေကြောင့် အရပ်သားသေဆုံးမှုတွေ မြှင့်တက်နေတယ် လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

အခုဆိုရင် တပ်စခန်း အနီးတွေမှာ ပျားရှာတာ တောထဲဝါးသွားခုတ်တာတွေကြောင့် မြေမြုပ်မိုင်း နင်းတာတွေက များတယ် အခုကရှမ်းမြောက်မှာ အပစ်ရပ်ထားပေမဲ့လည်း လူထုသေဆုံးမှုတွေက ဒီအကြွင်းအကျန် လက်နက်တွေကြောင့်သေဆုံးမှုကပိုများလာတယ် ဒါ့ကြောင့် လူထုတွေဆီ ဆင်းပြီးအသိပညာပေး ဖို့ လိုအပ်တယ် ဒါပေမဲ့ အခြေနေတွေကြောင့် လက်လှမ်းမှီဖို့တော့ခက်တယ်လို့ပြောပါတယ်။

တစ်ဖက်မှာ အရပ်သားတွေအနေနဲ့လည်း တိုက်ပွဲဖြစ်ပွားပြီးသားနေရာတွေနဲ့ တပ်စခန်းအနီးတစ်ဝှိုက်တွေ ကို အသွားအလာဆင်ခြင်ဖို့နဲ့ တိုက်ပွဲကျန်လက်နက်အကြွင်းအကျန်တွေကိုရှင်းလင်းဖို့လည်း အကူအညီ များစွာလိုအပ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲအတွင်းကျန်ရှိတဲ့လက်နက်ကြီးနဲ့ မြေမြုပ်မိုင်းတွေကြောင့် သေဆုံး သူ ၁၀ ယောက်ထက်မနည်းရှိသလို ခြေပြတ်လက်ပြတ်ဖြစ်ရတဲ့ အရပ်သားက ၃၀ ကျော်လောက် ရှိပြီး ဒီပမာဏဟာ တအာင်းအမျိုးသမီးအဖွဲ့ရဲ့ လက်လှမ်းမှီသလောက်ပြုစုထားတဲ့စာရင်းတွေဖြစ်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၃ နှစ်အတွင်းကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံတပ်ဖွဲ့တွေကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း အရပ်သား ၄၅၀၀ ဝန်းကျင်သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP က မနေ့က ဖေဖော်ဝါရီလ ၁ ရက်နေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button