Home
မြန်မာသတင်း
ပဲခူးမြို့တွင် စစ်ကောင်စီက ပြည်သူ့စစ်အတွက် လူအင်အားစုဆောင်းနေ 
DVB
·
February 5, 2024
Nann Taw Yar Bago_05022024

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ နန်းတော်ယာရပ်ကွက်မှာ ဖော်ဖော်ဝါရီ ၅ ရက်ကစပြီး စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ပြည်သူ့စစ်အတွက် လူစုပေးရမယ်ဆိုပြီး အစည်းအဝေး ခေါ်ပြောတယ်လို့‌ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီက နန်းတော်ယာရပ်ကွက်ကို လူအယောက် ၆၀ ပေးရမယ်လို့ နေ့လယ် ၁ နာရီဝန်းကျင်က ရပ်ကွက်ရုံးမှာ လာရောက်ပြောဆိုသွားတာလို့ နန်းတော်ရာ ရပ်ကွက်နေ‌သူတဦးက ပြောပါတယ်။

“ပြည်သူ့စစ်တောင်းနေပြီ၊ မဲကတော့ မနှိုက်ခိုင်းသေးဘူး။ အုပ်ချုပ်ရေးမှူးကတော့ လိုက်ချင်တဲ့သူ ထည့်ပေးလိုက်မယ် ပြောတယ်။ အခုလောလောဆယ်တော့ လိုက်တဲ့သူလည်း ရှိတယ်။”

ပြည်သူ့စစ်ဖွဲ့ဖို့အပြင် မီးရထားသံလမ်းကင်းပါ စောင့်ပေးရမှာဖြစ်ပြီး လမ်းတလမ်းကို လူ ၂ ယောက်နှုန်း ပေးရမယ်လို့လည်း သိရပါတယ်။

ဒေသခံတဦးက “ဒီနေ့မှ စတောင်းတာ‌ဆိုတော့ အဖြူအမဲတော့ သေချာမသိသေးဘူး။ သံလမ်း ကင်းစောင့်ဖို့ကိုတော့ အုပ်ချုပ်ရေးမှူးက ရပ်ကွက်ထဲ မူးရူးနေတဲ့သူတွေ ထည့်ပေးမယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

ပဲခူးတိုင်းက ကျေးရွာအများစုကို စစ်ကောင်စီက လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာကစတင်ကာ  ပြည်သူ့စစ်ဖွဲ့ဖို့ လူအင်အား တောင်းနေတာဖြစ်ပြီး ပဲခူးမြို့ပေါ်ရပ်ကွက်တွေမှာတော့ နန်းတော်ယာရပ်ကွက်က အရင်ဆုံး လူအင်အားတောင်းခံရတာလို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက လွန်ခဲ့တဲ့ ဒီဇင်ဘာ တတိယအပတ်ကစပြီး ပဲခူးမြို့ပေါ် ရပ်ကွက်အများစုမှာ သန်းခေါင်စာရင်းစစ်တာတွေ၊ နေအိမ်တွေကို ဓာတ်ပုံရိုက်တာတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024