spot_imgspot_imgspot_imgspot_img
Wednesday, June 5, 2024
spot_imgspot_imgspot_imgspot_img

ရှားတောမြို့နယ်၊ သံလွင်မြစ်အရှေ့ဖက်ခြမ်းရှိ တပ်စခန်း ၂ ခုကို စစ်ကောင်စီဆုတ်ခွာ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ရှားတောမြို့နယ် သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီရဲ့ ရှေ့တန်းအထိုင်တပ်စခန်းနှစ်ခုဖြစ်တဲ့ ဟွေအွန်တပ်စခန်း နဲ့ ကျားပါစပ်ကြီး တပ်စခန်းတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ (၁၃)ရက်နေ့ထိ နောက်ဆုံးနေထိုင်ပြီး စခန်းကို ဆုတ်ခွာသွားခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ (ဖေဖော်ဝါရီလ ၁၇)ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားတဲ့ စခန်းနှစ်ခုဟာ ဟွေပုန်းလောင်းဒေသ စိုးမိုးကုန်းတစ်ခုဖြစ်တဲ့ ကျားပါစပ်ကြီးစခန်း နဲ့ နန့်ပန်ချောင်းဘေးမှာ အခြေပြုထားတဲ့ ဟွေအွန်တပ်စခန်း ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှ (၁၃) ရက်နေ့ထိ ရဟတ်ယာဥ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လာရောက်ခေါ်ဆောင်သွားခဲ့ပြီး စခန်းတွေကို စွန့်ခွာသွားခဲ့တယ်လို့ KNDF က ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၄ရက်နေ့မှာတော့ ဟွေအွန်တပ်စခန်းနေရာကို KNDF တပ်ရင်း (၂၁) နဲ့ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွှတ်မြောက်ရေးတပ်ဦး (KNPLF) တို့ ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေးဝင်ရောက်လုပ်ဆောင်ခဲ့ရာ စခန်းတွင်းရှိ ဆန်အိတ်တချို့နဲ့ ခဲယမ်းတချို့တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ အလားတူ ကျားပါးစပ်ကြီးစခန်းကိုတော့ ကရင်နီပြည်တပ်မတော်(KA) မှ ဝင်ရောက်ရှင်းလင်းရေး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဆုတ်ခွာခဲ့တဲ့ တပ်စခန်းနှစ်ခုဟာ ကရင်နီ – ထိုင်း နယ်စပ်အတွက် အရေးပါတဲ့ ရှေ့တန်းတပ်စခန်းဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာလည်း ရှားတောမြို့နယ်အတွင်းက စစ်ကောင်စီဗျူဟာကုန်းစခန်းနဲ့ တပ်စခန်းအားလုံးကို ကရင်နီပူးပေါင်းတပ်က အပြီးသတ် သိမ်းပိုက်ရရှိထားပြီး လက်ရှိမှာတော့ ရှားတောမြို့ကို ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

spot_img
spot_img